လေယာဉ် ၂၁ စင်းနှင့် ရေတပ်သင်္ဘော ၅ စီး သွားလာခဲ့

By ANI
23 August 2022
လေယာဉ် ၂၁ စင်းနှင့် ရေတပ်သင်္ဘော ၅ စီး သွားလာခဲ့

ထိုင်ဝမ်သည် ၎င်း၏ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်လာသည့် ဂျက်လေယာဉ် ၈ စင်းအပါအဝင် တရုတ်ဘက်မှ စစ်လေယာဉ် ၂၁ စင်းနှင့် ရေတပ်သင်္ဘော ၅ စီးတို့ကို ခြေရာခံမိခဲ့သည်။

ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၉ ရက် ညနေ ၅ နာရီတွင် ထိုင်ဝမ်အနီး၌ တရုတ်စစ်တပ်မှ လေယာဉ် ၁၇ စင်းနှင့် သင်္ဘော ၅ စီးကို ခြေရာခံမိခဲ့ကြောင်း Taiwan News သတင်းတွင် ဖော်ပြသည်။

တရုတ်လေတပ် (PLAAF) မှ စစ်လေယာဉ် ၁၇ စင်းအနက် ၈ စင်းသည် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောသည်။ ၎င်းလေယာဉ် ၈ စင်းမှာ ရှီအန်း JH-7 ဗုံးကြဲတိုက်လေယာဉ် ၄ စင်း၊ Sukhoi Su-30 တိုက်လေယာဉ် ၂ စင်းနှင့် Shenyang J-11 ဂျက်လေယာဉ် ၂ စင်းတို့ဖြစ်သည်။ JH-7 နှင့် Su-30 ဂျက်လေယာဉ်များသည် မြောက်ဘက်စွန်း၌ အလယ်မျဉ်းကို ဖြတ်သွားခဲ့သလို J-11 တိုက်လေယာဉ် ၂ စင်းသည် တောင်ပိုင်းစွန်းကို ဖြတ်သွားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်တုံ့ပြန်ရန် လေကြောင်းကင်းလှည့်ယာဉ်များ(CAP)၊ ရေတပ်သင်္ဘောများနှင့် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များကို တပ်ဖြန့်ထားကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီးတွင် တရုတ်က ထိုင်ဝမ်ရေလက်ကြား၌ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ကလည်း ထိုင်ဝမ်ရေလက်ကြားပေါ်၌ တရုတ်စစ်လေယာဉ် ၅၁ စင်းနှင့် ထိုင်ဝမ်က ဒုံးကျည်များစမ်းသပ်သည့် ဇုန်အနီးတွင် တရုတ်ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘောတို့ကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ခြေရာခံမိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required