ဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသားနှင့် သံအမတ်ကြီးတို့ ဖုန်းမှတစ်ဆင့် စကားပြောဆို 

ဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသားနှင့် သံအမတ်ကြီးတို့ ဖုန်းမှတစ်ဆင့် စကားပြောဆို 

ဩဂုတ်လ ၂၃ ရက်

မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသော မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဂျပန်နိုင်ငံသားနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ ဖုန်းဖြင့် စကားပြောဆိုခဲ့ပြီး ၎င်း၏ ကျန်းမာရေး ကောင်းမွန်ကြောင်း အတည်ပြုနိုင်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။ 

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ရပ်ကို မှတ်တမ်းတင် ရိုက်ကူးစဉ် တိုရူ ကူဘိုတာသည် ဇူလိုင် ၃၀ ရက်က ရန်ကုန်၌ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ဆန္ဒပြပွဲတွင် ပါဝင်မှုနှင့် ၎င်းအား အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းထားကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။ 

၎င်း ဖမ်းဆီးခံရချိန်မှစကာ ဂျပန်အစိုးရနှင့် ၎င်းတို့ကြား ပထမဆုံး တိုက်ရိုက်ဆက်သွယ်ခြင်းအဖြစ် သံအမတ်ကြီး အီချီရို မာရူယာမာနှင့် ကူဘိုတာတို့၏ ဖုန်းပြောဆိုမှုတွင် မတော်မရော် ပြုမူဆက်ဆံခံရခြင်း မရှိကြောင်း ၎င်းက ပြောခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူအရ သိရသည်။ 

ရှေ့နေငှားပေးခြင်းနှင့် အခြားသော အကူအညီများ ပေးအပ်ခြင်းများဖြင့် ဂျပန်အစိုးရအနေဖြင့် ကူညီသွားမည်ဖြစ်ကြောင်း ယခုလ အစောပိုင်းက စတင်အမှုစစ်ဆေးခံရသည့် ကူဘိုတာအား သံအမတ်ကြီး မာရူယာမာက ပြောခဲ့သည်။ 

ကူဘိုတာနှင့် တွေ့ဆုံခွင့်ပြုရန် စစ်အာဏာသိမ်းအုပ်စုကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက မေတ္တာရပ်ခံခဲ့သော်လည်း ၎င်း စစ်ကောင်စီက COVID-19 စည်းမျဉ်းများနှင့် အခြားသော အကြောင်းရင်းများကို ကိုးကားပြီး ပယ်ချခဲ့ကြောင်း အဆိုပါ အကြီးတန်းတာဝန်ရှိသူက ပြောသည်။ 

ကူဘိုတာအား ဖြစ်နိုင်သမျှ ချက်ချင်းလွှတ်ရန် ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို တိုက်တွန်းထားသည်။ သို့ရာတွင် ကူဘိုတာနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်သည် သက်ဆိုင်ရာ တရားရုံးနှင့်သာ သက်ဆိုင်ကြောင်း စစ်ကောင်စီက ဆိုထားသည်။ 

ကူဘိုတာသည် ပြီးခဲ့သည့်လအတွင်းက အိမ်နီးချင်း ထိုင်းနိုင်ငံမှနေ၍ မြန်မာနိုင်ငံအတွင်းသို့ ခရီးသွားဗီဇာဖြင့် ဝင်ရောက်လာခြင်းဖြစ်ကာ ဆန္ဒပြပွဲ မည်သည့်နေရာတွင် စုရုံးမည်လဲဆိုသည်ကို သိရှိရန် ဆန္ဒပြသူများနှင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly