သဘောထားတင်းမာသူ၏ သမီးဖြစ်သူ လုပ်ကြံခံရခြင်းအတွက် ယူကရိန်းကို ရုရှ စွပ်စွဲ 

သဘောထားတင်းမာသူ၏ သမီးဖြစ်သူ လုပ်ကြံခံရခြင်းအတွက် ယူကရိန်းကို ရုရှ စွပ်စွဲ 
Photo - AFP

ဩဂုတ် ၂၃

ရုရှ ကျူးကျော်ချိန်မှစပြီး ယူကရိန်းစစ်သား ၉,၀၀၀ နီးပါး သေဆုံးကြောင်း ယူကရိန်းက ပြောလာစဉ် ရုရှ ဦးဆောင်သဘောထားတင်းမာသူတစ်ဦး၏ သမီးဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်ပြီး ရုရှက ယူကရိန်းအား တနင်္လာနေ့တွင် စွပ်စွဲသည်။ 

ယူကရိန်းအား ကျူးကျော်မှုကို ခိုင်ခိုင်မာမာ ထောက်ခံသည့် ရုရှ တရားသေသမား အလက်ဇန္ဒြား ဒူဂျင်း၏ အသက် ၂၉ နှစ်အရွယ် သမီးဖြစ်သူ ဒါရီယာ ဒူဂျင်နာသည် စနေနေ့က မော်စကိုမြို့ပြင်၌ ထိတ်လန့်ဖွယ်ရာ ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကာ ရုရှ FSB လုံခြုံရေးဌာနက ယူကရိန်းအား အပြစ်ဆိုခြင်း ဖြစ်သည်။ 

“ဒီ ပြစ်မှုကို ယူကရိန်း အထူးတပ်ဖွဲ့က ပြင်ဆင်ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်”ဟု FSB က ထုတ်ပြန်ချက်တစ်ရပ်၌ ဆိုကြောင်း ရုရှသတင်းအေဂျင်စီများက ဖော်ပြပြီး ဗုံးကို ဒူဂျင်နာ မောင်းသော ကားတွင် ထောင်ခဲ့ခြင်းဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။ 

ဂျာနယ်လစ်နှင့် နိုင်ငံရေးအစီအစဉ် တင်ဆက်သူ ဒူဂျင်နာကို ယခုကဲ့သို့ သတ်ဖြတ်ခြင်းအတွက် မိသားစုအား စာနာစိတ်မကောင်းဖြစ်ရကြောင်း သတင်းစကား ပါးရာတွင် ရုရှသမ္မတ ဗလာဒီမာ ပူတင်က “မသတီစရာ ရာဇဝတ်မှု”အဖြစ် ရှုတ်ချသည်။ 

ထို ဗုံးကွဲမှု၏ လက်သည်ဖြစ်သူမှာ ၁၉၇၉ ခုနှစ်ဖွား ယူကရိန်း အမျိုးသမီး တစ်ဦးဖြစ်ပြီး ၎င်းသည် ဒူဂျင်နာ နေထိုင်သော တိုက်တန်းလျားမှာပင် အခန်းငှား နေထိုင်ကြောင်း FSB က ပြောသည်။ 

ကားဗုံးပေါက်ပြီးနောက်တွင် ၎င်းသည် အီးယူအဖွဲ့ဝင် အက်စတိုးနီးယားနိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြေင်း ဖြည့်စွက်ပြောသည်။ 

အသက် ၆၀ အရွယ် ဒူဂျင်သည် ယူကရိန်းအား ရုရှ ကျူးကျော်မှုကို တက်တက်ကြွကြွ ထောက်ခံသော အစွန်းရောက် ပညာတတ်တစ်ဦးဖြစ်ပြီး သမီးဖြစ်သူမှာလည်း ယူကရိန်းစစ်ကို ထောက်ခံသူ ဖြစ်သည်။ ဒူဂျင်နာသည် နောက်ဆုံး မိနစ်များ၌ သူ့ အဖေ၏ ကားကို ငှားပြီး မောင်းနှင်ခဲ့ခြင်း ဖြစ်သည်ဟု ရုရှမီဒီယာများက ဖော်ပြသည်။ 

ထို ဗုံးကွဲမှုနှင့် ပတ်သက်ပြီး မည်သို့မျှ ပတ်သက်ဆက်စပ်မှု မရှိကြောင်း ယူကရိန်းက ငြင်းဆန်ထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly