ဟင်္သာတမြို့နယ်တွင် လမ်းဘေးတွင်ချထားသည့် အထုပ်ကို ယူသွားပြီးဖွင့်ကြည့်ရာက ပေါက်ကွဲမှုဖြစ်ပွား၊ အသက် ၈၀ ဝန်းကျင်အဘိုးအိုသေဆုံး

ဟင်္သာတမြို့နယ်တွင် လမ်းဘေးတွင်ချထားသည့် အထုပ်ကို ယူသွားပြီးဖွင့်ကြည့်ရာက ပေါက်ကွဲမှုဖြစ်ပွား၊ အသက် ၈၀ ဝန်းကျင်အဘိုးအိုသေဆုံး

ဩဂုတ် ၂၂

မဇ္စျိမ။ ။ ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်၊ တလုထ္တော်မြို့တွင် ၊သြဂုတ်လ ၂၁ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး အသက် ၈၀ ဝန်းကျင် အဘိုးအိုတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံကသိရသည်။

သေဆုံးသူ အဘိုးအို ဦးတင်သည် လမ်းဘေးတွင် ချထားသည့် အထုပ်တစ်ထုပ်ကိုတွေ့ရှိသဖြင့် စက်ဘီးခြင်းထဲသို့ထည့်ကာ နေအိမ်သို့ ယူဆောင်သွားခဲ့ပြီး ဖွင့်ကြည့်ရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"အဲ့ဒီအဘကြီးက ထွေအုပ်ရုံးရှေ့မှာနေတာ၊ ရုံးရှေ့မှာချထားတဲ့ အထုပ်ကိုတွေ့တော့ သူ့အိမ်ကိုယူသွားတယ်၊ နောက်နေ့ မနက်ပိုင်းရောက်တော့ ရဲစခန်းရှေ့က သူပိုင်တဲ့စက်ဘီးပြင်ဆိုင်မှာ အဲ့ဒီအထုပ်ကို ဖွင့်ကြည့်လိုက်တော့ ထပေါက်တာပါ၊ တစ်ကိုယ်လုံးစုတ်ပြတ်ပြီး ပွဲချင်းပြီးသေသွားတယ်"ဟု ဒေသခံကဆိုသည်။

ပေါက်ကွဲမှုဖြစ်ပေါ်ချိန်တွင် ဦးတင်၏စက်ဘီးပြင်ဆိုင်ရှေ့မှ ဖြတ်သွားသည့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေမဟုတ်ကြောင်း ဒေသခံက ဆက်လက်ပြောသည်။

ပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်နှင့်ပတ်သက်၍ ဟင်္သာတခရိုင်တွင် လှုပ်ရှားနေသည့် ဟင်္သာတ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်တို့ကို ဆက်သွယ်မေးမြန်ရာ ၎င်းတို့၏ ပစ္စည်းမဟုတ်ကြောင်း မဇ္စျိမကိုပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဟင်္သာတ

#ပေါက်ကွဲမှု

#စစ်ကောင်စီ

#စက်ဘီးပြင်ဆိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly