တူမီးထီ အပတ်စဉ်(၃)မှ ရရှိလာသော ရန်ပုံငွေ ဒေါ်လာ ၂၅၃၀ ကို ပြန်လည်လှူဒါန်း

တူမီးထီ အပတ်စဉ်(၃)မှ ရရှိလာသော ရန်ပုံငွေ ဒေါ်လာ ၂၅၃၀ ကို ပြန်လည်လှူဒါန်း

ဩဂုတ် ၂၂

(မဇ္စျိမ)။ ။ချင်းအမျိုးသားများတော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်နိုင်ရန်ဖွင့်လှစ်သည့် တူမီးထီ အပတ်စဉ်(၃)မှ ရရှိလာသည့်ရန်ပုံငွေအား ချင်းကာကွယ်ရေးတပ်ဖွဲ့၊ စစ်ဘေးရှောင်များ၊ CDM အဖွဲ့ အစည်းနှင့် ထိခိုက်ဒဏ်ရရှိထားသော တော်လှန်ရေးရဲဘော်များအား အသီးသီးခွဲဝေလှူဒါန်းခဲ့ကြောင်း ချင်းရန်ပုံငွေအဖွဲ့ Chin Relief Funding Program(CRFP) မှ ဩဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

တူမီးထီ အပတ်စဉ်(၃)၏ ရောင်းရငွေစုစုပေါင်း ဒေါ်လာ ၃၄၁၀ ရရှိပြီး ဒေါ်လာ ၈၈၀ မှာ ဆုကြေး အတွက်ပြန်လည်ပေးအပ်ခဲ့ကာ ကျန်ရှိသော ဒေါ်လာ ၂၅၃၀ ကို ခွဲဝေလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

“ကျနော်တို့ တူမီးထီစတင်ကတည်းက ချမှတ်ထားတဲ့မူတွေအရ အဖွဲ့တစ်ဖွဲ့ကို လှူတာမျိုးမဟုတ်ဘဲ ဖြန့်ဝေခွဲရမယ်ဆိုတဲ့မူရှိတဲ့အတွက်အခုလို့ ခွဲဝေပေးရခြင်း ဖြစ်ပါတယ်” ဟု CRFP မှ တာဝန်ရှိသူတစ်ဉီးက ပြောသည်။

ရရှိလာသော ရန်ပုံငွေထဲမှ ချင်းအမျိုးသားတပ်မတော် CNA အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ၁၈ဖွဲ့နှင့် ဖွဲ့စည်းထားသော ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ CJDC သို့ ဒေါ်လာ ၁၀၀၀၊ ထန်တလန် မီးဘေးနှင့် စစ်ဘေးရှောင်သူများအား အကူအညီပေးနေသော Thantlang Placement Affairs Committee – IDPs help သို့ ဒေါ်လာ ၅၀၀ လှူဒါန်းခဲ့ကြောင်း ဆိုသည်။

ထို့ပြင် စစ်အာဏာရှင်အား အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) တွင်ပါဝင်ခဲ့သော CDM ဝန်ထမ်းများဖြင့်ဖွဲ့စည်းထားသည့် Myanmar CDM Association ကို ဒေါ်လာ ၅၀၀ နှင့် တော်လှန်ရေးတိုက်ပွဲများအတွင်း မျက်လုံးနှစ်ဘက်ထိခိုက်ထားသော ချင်းသူရဲကောင်း ခုနစ်ဉီး အတွက် ဒေါ်လာ ၅၃၀ (တစ်ဉီးလျှင် အိန္ဒိယရူပီးငွေ ၅၉၀၀) ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ယခုအပတ်စဉ်တွင် CJDC နှင့် ထန်တလန် ISPs များအတွက် ရန်ပုံငွေများကို ပို့ပေးဖြစ်ပြီးသော်လည်း ငွေကြေးစီးဆင်းမှု အခက်အခဲအချို့ကြောင့် ရန်ပုံငွေဖြန့်ဝေမှု ကြန့်ကြာမှုများဖြစ်ခဲ့ရပြီး ကျန်ရှိသည်များ အား အမြန်ဆုံးဖြန့်ဝေနိုင်ရန်ကြိုးစားနေကြောင်နှင့် နားလည်မှုပေးကြပါရန် CRFP မှ မေတ္တာရပ်ခံ ထား သည်။

စစ်အာဏာရှင်အပြည့်အဝ တော်လှန်နိုင်ရမည်ဟူသော ယုံကြည်ချက်ဖြင့် တူမီးထီကို တစ်စိုက်မတ်မတ် အားပေးကြသူ အယောက်စီတိုင်းအား CRFP - တူမီးထီမှ အထူး ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

တူမီးထီ အပတ်စဉ်(၂)မှ ရရှိခဲ့သည့် ရန်ပုံငွေများကို မင်းတပ်နှင့် ကန်ပက်လက်ဒေသရှိ IDPs အတွက် ဒေါ်လာ ၆၅၀ စီခွဲဝေလှူဒါန်းခဲ့သည်။

တူမီးထီအပတ်စဉ် (၄) လက်မှတ်များအား တစ်စောင်လျှင် ငါးဒေါ်လာဖြင့် ရောင်းချလျက်ရှိနေပြီး ဩဂုတ် လ ၃၁ ရက်နေ့တွင် ကံထူးရှင်များကို ရွေးချယ်သွားမည်ဖြစ်ပြီး တူမီးထီထိုးခြင်းအားဖြင့် ချင်းတော်လှန် ရေးအား ကူညီအားဖြည့်နိုင်ကြောင်း ဆိုသည်။

အပတ်စဉ်(၄)တွင် ယခင်အပတ်များထက် ရောင်းအားလျော့နည်းလျက်ရှိနေသဖြင့် ဝိုင်းဝန်းကံစမ်းရင်း တော်လှန်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ပေးကြရန် အဆိုပါ တာဝန်ရှိသူမှ မေတ္တာရပ်ခံထားသည်။

တူမီးထီသည် တော်လှန်ရေးကာလအတွင်း ရန်ပုံငွေရှာဖွေရန်အတွက် ယာယီသတ်မှတ်ထားသည့် အမည် နာမတစ်ရပ်သာဖြစ်ပြီး နောင်တွင် ချင်းပြည်နယ်အစိုးရသစ်ပေါ်ပေါက်လာပါက Federal Lottery အဖြစ် ချင်းဖက်ဒရယ်အစိုးရထံသို့ တရားဝင်အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ စောဖေ

#တူမိးထီ

#ချင်းအမျိုးသားများတော်လှန်ရေး

#Chin_Relief_Funding_Program(CRFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly