မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်ကို PDF ထောက်ပံ့ကြောင်းစွပ်စွဲပြီး စစ်ကောင်စီကဖမ်းဆီး၊ ပိုင်ဆိုင်မှုများကို ချိပ်ပိတ်

မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်ကို PDF ထောက်ပံ့ကြောင်းစွပ်စွဲပြီး စစ်ကောင်စီကဖမ်းဆီး၊ ပိုင်ဆိုင်မှုများကို ချိပ်ပိတ်

ဩဂုတ် ၂၂

မန္တလေး(မဇ္စျိမ)။ ။မန္တလေးမြို့က မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်ကို၊ PDF ထောက်ပံ့ကြောင်း စွပ်စွဲချက်ဖြင့် စစ်ကောင်စီကဖမ်းဆီးပြီး၊ ပိုင်ဆိုင်မှုမှန်သမျှကိုလည်း ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။

မန္တလေး မဟာအောင်မြေမြို့နယ်မှ မြန်မာသူရကျောက်မျက်ကုမ္ပဏီ၏ ယာဉ်မောင်းဖြစ်သူ ကိုမွန်သူအောင်ကို၊ သြဂုတ်လ ၁၇ ရက်နေ့တွင် စစ်ကောင်စီကဖမ်းဆီးစစ်ဆေးပြီး၊ ထိုနေ့တွင်ပင် ပိုင်ရှင်ဖြစ်သူ ဦးကျော်သူရအား ဆက်လက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ သြဂုတ် ၂၁ ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဦးကျော်သူရကို ထိုနေ့နေ့လယ်ပိုင်းတွင်၊ ချမ်းအေးသာစံမြို့နယ် ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားနေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ဖားကန့်မြို့နေအိမ်ခြံ၀န်းတစ်ခုအတွင်းမှ Sigsauer အမျိုးအစားပစ္စတိုတစ်လက်၊ ကျည် ၁၂ တောင့်နှင့် ကျည်အိမ်နှစ်ခုလည်း သိမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

မြန်မာသူရကျောက်မျက်ကုမ္ပဏီသည် PDF အပါအ၀င် NUG၊ CRPH နှင့် CDM ၀န်ထမ်းများအား ကျပ်သိန်း ၆,၁၅၀၊ အမေရိကန်ဒေါ်လာ တစ်သောင်း၊ တရုတ်ယွမ်ငွေ ၁၉,၀၀၀ နှင့် မော်တော်ယာဉ်တချို့ ထောက်ပံ့ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

၎င်းစွပ်စွဲချက်ဖြင့် ဦးကျော်သူရပိုင်ဆိုင်သော နေအိမ်၊ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း ကာလတန်ဖိုးကျပ်သိန်းပေါင်း တစ်သိန်းတစ်သောင်းကျော်(၁၁၈,၄၄၉ သိန်း)အား ချိပ်ပိတ်သိမ်းဆည်းလိုက် ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာသူရကျောက်မျက်ကုမ္ပဏီသည် ကျောက်စိမ်းရောင်း၀ယ်ရေးနှင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းလောကတွင် ထင်ရှားသောကုမ္ပဏီတစ်ခုဖြစ်ပြီး မန္တလေး၊ နေပြည်တော်နှင့်ဖားကန့်မြို့တို့တွင် ပိုင်ဆိုင်မှုမြောက်မြားစွာ ရှိထားကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မြန်မာသူရ

#ကျောက်မျက်

#စစ်ကောင်စီ

#PDF

#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly