အာဖဂန်နစ္စတန်တွင် တာလီဘန် အုပ်ချုပ်မှုအောက် ဂျာနယ်လစ် ၆၀ ရာခိုင်နှုန်းနီးပါး လျော့ကျသွားခဲ့

By Zee5
20 August 2022
အာဖဂန်နစ္စတန်တွင် တာလီဘန် အုပ်ချုပ်မှုအောက် ဂျာနယ်လစ် ၆၀ ရာခိုင်နှုန်းနီးပါး လျော့ကျသွားခဲ့

အာဖဂန်နစ္စတန်နိုင်ငံတွင် ယမန်နှစ် ဩဂုတ် ၁၅ ရက်က တာလီဘန်တို့ ထိန်းချုပ်အာဏာရသွားပြီးနောက် သတင်းမီဒီယာလုပ်ငန်း ၃၉ ဒသမ ၅၉ ရာခိုင်နှုန်းနှင့် ဂျာနယ်လစ် ၆၀ ရာခိုင်နှုန်းနီးပါး လျော့ကျသွားခဲ့သည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က အစီရင်ခံစာတစ်ရပ်တွင် ပြောကြားခဲ့ပြီး အဆိုပါ တောင်အာရှနိုင်ငံရှိ ဂျာနယ်လစ်များ၏ အခြေအနေအပေါ် စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ခဲ့သည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့သည် နိုင်ငံတကာ အကျိုးအမြတ် မယူသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သတင်းအချက်အလက် လွတ်လပ်စွာ ရပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်သည်ဟု ထုတ်ဖော်ထားသည်။

“နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ဆန်းစစ်လေ့လာချက်တစ်ရပ်အရ အာဖဂန်နစ္စတန်မှာ ၂၀၂၁ ဩဂုတ် ၁၅ ရက် တာလီဘန်တွေ ထိန်းချုပ်ပြီးနောက်ပိုင်း သတင်းမီဒီယာလုပ်ငန်း ၃၉ ဒသမ ၅၉ ရာခိုင်နှုန်းနဲ့ ဂျာနယ်လစ် ၅၉ ဒသမ ၈၆ ရာခိုင်နှုန်းကို ဆုံးရှုံးထားခဲ့ရပါပြီ။ အထူးသဖြင့် အမျိုးသမီး ဂျာနယ်လစ်တွေပေါ့။ သူတို့တွေထဲက လေးပုံ သုံးပုံလောက်ဟာ ခုချိန်မှာ အလုပ်လက်မဲ့ဖြစ်နေကြပြီး ပြည်နယ် ၁၁ ခု မှာဆိုရင် ရှိတောင် မရှိကြတော့ပါဘူး။ နက်ရှိုင်းတဲ့ စီးပွားရေး အကျပ်အတည်းတစ်ခုနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် ဖြိုခွင်းနှိမ်နင်းမှုတွေ ရှိနေချိန်မှာ ဒီလို အခြေအနေတွေ ဖြစ်ပေါ်နေခဲ့တာပါ” ဟု RSF ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

အဆိုပါ အစီရင်ခံစာအရ အာဖဂန်နစ္စတန်တွင် စာနယ်ဇင်းလုပ်ငန်းအပေါ် ပြင်းပြင်းထန်ထန် ထိန်းချုပ် ကန့်သတ်မှုများ ရှိနေပြီး ဂျာနယ်လစ်များနှင့် မီဒီယာလုပ်ငန်း အရေအတွက်ပိုင်းတွင် လျော့ကျသွားခြင်းကို ပြသနေကြောင်း Tolo News က ဖော်ပြသည်။

“အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ နှစ်အတွင်း စာနယ်ဇင်းလုပ်ငန်းဟာ အကြီးအကျယ် ထိခိုက်ထားခဲ့ပါပြီ” ဟု RSF ၏ အတွင်းရေးမှူးချုပ် ခရစ်တိုဖီ ဒီလွိုင်ရီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly