ပါကစ္စတန် ဘာလိုချီစတန်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စီစဉ်သည့် ကနေဒါကုမ္ပဏီ ခြိမ်းခြောက်ခံရ

ပါကစ္စတန် ဘာလိုချီစတန်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စီစဉ်သည့် ကနေဒါကုမ္ပဏီ ခြိမ်းခြောက်ခံရ

ပါကစ္စတန်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ခက်ခဲကြမ်းတမ်းသော အချိန်တစ်ခုကို ရင်ဆိုင်နေရပြီး တရုတ်၏ အဖိုးတန်ပစ္စည်းများကို ပစ်မှတ်ထားခဲ့သည့် ဘာလို့ချ် ခွဲထွက်ရေးဝါဒီများက ယခုအခါ ပါကစ္စတန်တွင် ရင်းနှီးမြှုပ်နှံရန် ရှိနေသော ကနေဒါကုမ္ပဏီတစ်ခုကို ခြိမ်းခြောက်မှုများ ပြုလုပ်ထားသည်။

ပါကစ္စတန်အစိုးရသည် ကနေဒါ သတ္တုလုပ်ငန်းကုမ္ပဏီ Barrick Gold နှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ထိုးထားပြီး Barrick Gold သည် တရုတ်ကဲ့သို့ပင် ဘာလိုချီစတန်ပြည်နယ်၌ ရင်းနှီးမြှုပ်နှံသွားဖွယ် ရှိနေသည်။

Barrick Gold ကုမ္ပဏီသည် ဘာလိုချီစတန်ပြည်နယ် ချာဂိုင်းခရိုင်ရှိ ရီကိုဒစ်ဟုခေါ်သ့် နယ်မြေတစ်ခုတွင် သတ္တုတူးဖော်သွားရန် ရှိနေသည်။ ဘာလိုချီစတန်ပြည်နယ်သည် မတူးဖော်ရသေးသော ကမ္ဘာ့အကြီးဆုံး ကြေးနီနှင့် ရွှေ သတ္တုသိုက်များ ရှိရာ နေရာများအနက်တစ်ခု ဖြစ်သည်။

ယခုအခါ ကနေဒါ ကုမ္ပဏီသည် ဘာလို့ချ် ခွဲထွက်ရေးသမားများ၏ အာရုံစိုက်ခြင်းကို ခံနေရပြီ ဖြစ်သည်။

ဂွာဒါရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခု၌ ပြီးခဲ့သော ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်တစ်ခုက ဥပမာတစ်ခုပင် ဖြစ်သည်။

ကနေဒါကုမ္ပဏီမှ အကြီးတန်းအရာရှိများပါဝင်သော အဖွဲ့တစ်ခုသည် ဇူလိုင်လ၏ နောက်ဆုံးအပတ်က ဂွာဒါသို့ သွားရောက်ခဲ့ကြောင်း Nikkei Asia သတင်းစာက ဖော်ပြသည်။ အဆိုပါ အဖွဲ့ ရောက်သွားပြီးနောက် ထိုညမှာပင် ဂွာဒါရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခု၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဘာလို့ချ် သောင်းကျန်းသူများ လုပ်ဆောင်သော ဖောက်ခွဲမှုက ပြင်းအားနည်းခဲ့သည်။

ဥပဒေဆိုင်ရာ အငြင်းပွားမှုနှင့် တရားရုံးပြင်ပ ညှိနှိုင်းဆွေးနွေးမှုများနောက်တွင် Barrick နှင့် ပါကစ္စတန် အစိုးရတို့သည် ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်ရန် မတ်လက သဘောတူညီမှု ရခဲ့ကြသည်ဟု Nikkei Asia သတင်းစာက ဖော်ပြသည်။

ချက်ချင်းဆိုသလိုပင် BRAS ဟု ခေါ်သည့် ဘာလို့ချ် သောင်းကျန်းသူအဖွဲ့ ၄ဖွဲ့၏ ဦးဆောင်အဖွဲ့အစည်းတစ်ခုက ကနေဒါ ကုမ္ပဏီကို သတိပေးချက် ထုတ်ခဲ့ပြီး ဘာလိုချီစတန်၏ သတ္တု ရင်းမြစ်များနှင့် ဝေးဝေးနေရန်၊  သို့မဟုတ် ပါက လူသေဆုံးစေသည့် တိုက်ခိုက်မှုများကို ပြင်ဆင်ရလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

BRAS တွင် ဘာလိုချီစတန် လွတ်မြောက်ရေးတပ်ဖွဲ့ (BLA) လည်း ပါဝင်ပြီး ထိုအဖွဲ့ကို အကြမ်းဖက် အဖွဲ့တစ်ခုအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly