‘ဘာသာရေး အယူအဆ’ ကြောင့် မိန်းကလေးစာသင်ကျောင်းများ ပိတ်ခဲ့ခြင်း ဖြစ်ဟု တာလီဘန် ပြော

‘ဘာသာရေး အယူအဆ’ ကြောင့် မိန်းကလေးစာသင်ကျောင်းများ ပိတ်ခဲ့ခြင်း ဖြစ်ဟု တာလီဘန် ပြော

အာဖဂန်နစ္စတန်နိုင်ငံတွင် ကျောင်းသူမိန်းကလေးများအတွက် စာသင်ကျောင်းများ ပိတ်ထားခြင်းမှာ ဘာသာရေး အကြောင်းကိစ္စများကြောင့် ဖြစ်ကြောင်းနှင့် ထိုကိစ္စနှင့်ပတ်သက်ပြီး အစ္စလမ္မစ် ပညာရှင်များ၏ သဘောတူညီချက်တစ်ခု လိုအပ်ကြောင်း တာလီဘန် အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။ အဆိုပါ နိုင်ငံတွင် အမျိုးသမီးများ၏ လူ့အခွင့်အရေး အခြေအနေနှင့် စပ်လျဉ်းပြီး ဝေဖန်ကန့်ကွက်သံများ ကျယ်လောင် နေစဉ် တာလီဘန်တာဝန်ရှိသူ၏ ပြောဆိုချက် ထွက်ရှိလာခြင်း ဖြစ်သည်။

မိန်းကလေးများ၏ စာသင်ကျောင်းများကို ပြန်ဖွင့်ပေးနိုင်ရန် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောသည်။ “တကယ်လို့များ ကျွန်တော်တို့ဟာ ပါကစ္စတန်ရဲ့ ညွှန်ကြားချက်ကြောင့် လုပ်ဆောင်နေတယ်ဆိုရင် စာသင်ကျောင်းတွေရဲ့ ပြဿနာတွေနဲ့ အခြားပြဿနာတွေဟာ ဖြေရှင်းပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒါက ဘာသာရေးကိစ္စတစ်ခုပါ။ အစ္စလမ္မစ် ဘာသာရေးခေါင်းဆောင်ရဲ့ သဘောတူညီချက် လိုပါတယ်” ဟု မူဂျာဟစ်က ပြောကြောင်း Tolo News က ကိုးကားဖော်ပြသည်။

စာသင်ကျောင်းများနှင့် ပတ်သက်ပြီး အစ္စလမ္မစ် ဘာသာရေး ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ခြင်းက အပျက်သဘောဆောင် အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ကြောင်း တာလီဘန် အရာရှိက ပြောသည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း ဖြစ်ပေါ်နေသော လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်ပြီး အကြမ်းဖျင်း ဖော်ပြထားသည့် အစီရင်ခံစာတစ်ရပ်ကို အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင် (UNAMA) က ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့သည်။

အာဖဂန်နစ္စတန်တွင် အရပ်သားပြည်သူများကို အကာအကွယ်ပေးခြင်း၊ တရားလက်လွတ် ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှု၊ နှိပ်စက်မှု၊ အတင်းအကျပ် ဖမ်းဆီးမှုနှင့် ထိန်းသိမ်းမှုများ၊ အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများ၊ အခြေခံ လွတ်လပ်ခွင့်များနှင့် အကျဉ်းစခန်းများ၏ အခြေအနေတို့နှင့် ပတ်သက်ပြီး UNAMA ၏ လေ့လာတွေ့ရှိချက်များကို အဆိုပါ အစီရင်ခံစာတွင် အကျဉ်းချုပ် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required