တာလီဘန်အုပ်ချုပ်မှု တစ်နှစ်ပြည်သွားသည့် အာဖဂန်တွင် မိန်းကလေးများ ပိုမို ဒုက္ခကြုံတွေ့လာရကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြ

By Daily Prabhat
19 August 2022
တာလီဘန်အုပ်ချုပ်မှု တစ်နှစ်ပြည်သွားသည့် အာဖဂန်တွင် မိန်းကလေးများ ပိုမို ဒုက္ခကြုံတွေ့လာရကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြ

တာလီဘန် အုပ်ချုပ်မှုကာလ တစ်နှစ်ပြည့်သွားခဲ့သည့် အာဖဂန်နစ္စတန်နိုင်ငံတွင် စီးပွားရေး အကျပ် အတည်းကြီးတစ်ခု၊ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်စေသော မိုးခေါင်မှုနှင့် ပိတ်ပင် ကန့်သတ်ချက် အသစ်များကြောင့် မိန်းကလေးများ၏ ဘဝများကို ကွဲကြေစေခဲ့ပြီး ၎င်းတို့သည် လူ့အဖွဲ့အစည်းမှ ဖယ်ထုတ် ခံရခြင်း၊ ဆာလောင်မွတ်သိပ်ခြင်းတို့နှင့် ကြုံတွေ့နေရသလို မိန်းကလေးလေးပုံတစ်ပုံခန့်တွင် စိတ်ကျဝေဒနာ ခံစားနေရသည့် လက္ခဏာများ ပြသနေကြောင်း Save the Children အဖွဲ့၏ အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။

“ဖိစီးမှု များလွန်းသဖြင့် အခြေအနေကို ခံနိုင်စွမ်း မရှိတော့သည့်အချိန် ၊ တာလီဘန် အုပ်ချုပ်မှုအောက် တစ်နှစ် အကြာ ကလေးများအတွက် ဘဝ” ဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာအရ အာဖဂန်မိသားစု ၉၇ ရာခိုင်နှုန်း သည် ၎င်းတို့၏ သားသမီးများအတွက် အစားအစာများ လုံလောက်စွာ ကျွေးမွေးနိုင်ရန် အပြင်းအထန် ကြိုးပမ်း နေရသလို ယောကျ်ားလေးများထက် မိန်းကလေးများသည် အစားအစာ လျှော့စားနေကြရကြောင်းကို ဖော်ပြထား သည်။

ပြီးခဲ့သည့် ရက်ပေါင်း ၃၀ အတွင်း ၎င်းတို့သည် ဗိုက်ဆာလျက်ဖြင့် အိပ်ရာဝင်ခဲ့ကြရသည်ဟု အာဖဂန်ကလေးငယ် ၈၀ ရာခိုင်နှုန်းနီးပါးက ပြောသည်။ မကြာခဏဆိုသလို ဗိုက်ဆာလျက်ဖြင့် အိပ်ရာဝင်ကြရသည့် ယောကျ်ားလေး ဦးရေထက် မိန်းကလေးဦးရေက နှစ်ဆနီးပါး ပိုများနေခဲ့ဖွယ် ရှိသည်။

စားစရာမရှိခြင်းက ကလေးများ၏ ကျန်းမာရေးအပေါ် အကြီးအကျယ်ထိခိုက်စေသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေလျက် ရှိသလို ၎င်းတို့၏ အနာဂတ်များကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ ပြီးခဲ့သည့်နှစ်အတွင်း အစား လျှော့စားခဲ့ရသည်ဟု အာဖဂန်မိန်းကလေး ၁၀ ဦးအနက် ကိုးဦးက ပြောကြားခဲ့သလို ထိုကဲ့သို့ အစား လျှော့စားခဲ့ရသဖြင့် ကိုယ်အလေးချိန် လျော့ကျသွားနိုင်မှုအပြင် စာလေ့လာရန်၊ ကစားရန်နှင့် အလုပ်လုပ်ရန် ခွန်အား မရှိတော့မည်ကို ၎င်းတို့ စိုးရိမ်ပူပန်နေကြသည်။

ယခု အကျပ်အတည်းက အာဖဂန်မိန်းကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာ ကောင်းကျိုး အပေါ် အန္တရာယ်ရှိသော ထိခိုက်မှုကို ဖြစ်ပေါ်စေလျက် ရှိသည်။ အင်တာဗျူးတွေ့ဆုံမေးမြန်းခဲ့သည့် အုပ်ထိန်းသူများ ၏ ပြောဆိုချက်များအရ အာဖဂန်မိန်းကလေး ၂၆ ရာခိုင်နှုန်းသည် စိတ်ကျရောဂါ လက္ခဏာ ရပ်များ ပြသနေသလို  ယောကျ်ားလေး ၁၆ ရာခိုင်နှုန်းခန့်တွင်လည်း အဆိုပါ စိတ်ကျရောဂါ လက္ခဏာများ ပြသနေသည်ဟု သိရသည်။ ထို့ပြင် ယောကျ်ားလေး ၁၈ ရာခိုင်နှုန်းနှင့် ယှဉ်ပါက မိန်းကလေး ၂၇ ရာခိုင်နှုန်းသည် စိတ်ပူပန်သောကရောက်မှု လက္ခဏာများ ပြသနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required