ရင်ပေါင်တိုင်ကျေးရွာတွင်တွေ့သည့် ရုပ်အလောင်း ၁၈ လောင်းအနက် အမျိုးသမီးငယ် ၂ ဦးမှာ မုဒိမ်းကျင့် သတ်ဖြတ်ခံထားရခြင်းဖြစ်

ရင်ပေါင်တိုင်ကျေးရွာတွင်တွေ့သည့် ရုပ်အလောင်း ၁၈ လောင်းအနက် အမျိုးသမီးငယ် ၂ ဦးမှာ မုဒိမ်းကျင့် သတ်ဖြတ်ခံထားရခြင်းဖြစ်

ဩဂုတ် ၁၉

ကော်သူးလေ(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်၏ လေကြောင်းမှစီးနင်းပစ်ခတ်ခြင်းခံရသည့် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာတွင် ဩဂုတ်လ ၁၈ ရက်နေ့အထိ နယ်မြေရှင်းလင်းရေးများပြုလုပ်ခဲ့ရာ မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့် ရုပ်အလောင်းနှစ်လောင်းအပါအဝင် ရုပ်အလောင်း ၁၈ လောင်းထိတွေ့ကြောင်း သိရ သည်။

အသက် ၁၆ နှစ်အရွယ်အမျိုးသမီးနှင့် ၂၀ ကျော်အရွယ်အမျိုးသမီးကို စစ်ကောင်စီတပ်သားများက မုဒိမ်း ကျင့်ကာ ရွာ၏အရှေ့တောင်ဘက်တွင် သတ်ဖြတ်ထားသည်ကိုတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှတာဝန်ရှိသူက ပြောပြသည်။

“အခြားရွာကနေ ဈေးလာဝယ်တဲ့မိန်းကလေးနှစ်ယောက်ပေါ့နော် အဲ့နေ့မှာ (ဩဂုတ်လ ၁၁ ရက်) ရဟတ် ယာဉ်နဲ့ပစ်တော့ ပြေးမိရာပြေးကြမှာပေါ့။ သူတို့က ရင်ပေါင်တိုင်ရဲ့အရှေ့အရပ်ကိုပြေးတယ် ရဟတ်ယာဉ် ကပထမဆုံးစစ်သားတွေချလိုက်တာလည်း အရှေ့အရပ်မှာချတာဆိုတော့ အဲဒီစစ်သားတွေ ရွာထဲအဝင် ဒီကလေးမတွေနဲ့တွေ့တာဖြစ်နိုင်တယ်။ ကိုးတန်းကျောင်းသူအပါအဝင်နှစ်ယောက်ကို ကမ်းပါးဘေးမှာ မုဒိမ်းကျင့်ပြီးသတ်ဖြတ်ထားတာတွေကို တွေ့ရတယ်” ဟု ၎င်းကပြောပြသည်။

ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် စစ်ကောင်စီတပ်၏ လေကြောင်းမှပစ်ခတ်မှု ရုတ်တရက် ခံခဲ့ရသည့် ရင်ပေါင်တိုင်ကျေးရွာဈေးတွင် အဆိုပါအမျိုးသမီးငယ်နှစ်ဦးသည် ဈေးလာဝယ်ရင်း ယခုကဲသို့ အဖြစ်ဆိုးကြုံခြင်းဖြစ်သည်။

“မုဒိမ်းကျင့်သတ်ခံရတဲ့လက္ခဏာက ကလေးမလေးနှစ်ဦးမှာ အဝတ်အစားမရှိတော့ဘူး။ အကြီးမလေး တစ်ယောက်မှာတော့ အင်္ကျီလေးပဲရှိတော့တယ်။ တစ်လောင်းနဲ့တစ်လောင်း ပေ ၃၀ လောက်ကွာတယ်။ အနီးအနားမှာ စစ်ဖိနပ်ရာတွေရော ရုန်းကန်လှုပ်ရှားထားတဲ့အရာတွေရော တွေ့ရတယ်” ဟု နယ်မြေရှင်း လင်းရေးပြုလုပ်သည့် ရဲဘော်များသတင်းပေးပို့ချက်ကို ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိ သူက ပြန်ပြောပြသည်။

အဆိုပါရုပ်အလောင်းများနှင့်ပတ်သတ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး ထားသော်လည်း သတင်းဌာနများသို့ပေးပို့ရန် အင်တာနက်အခက်အခဲရှိကြောင်း ၎င်းက ဖုန်းဖြင့်ဆက် သွယ်ဖြေကြားရာတွင် ပြောသည်။

အမျိုးသမီးငယ်နှစ်ဦးအား မည်သူမည်ဝါဟုခွဲခြားသိရသော်လည်း ၎င်းတို့နှစ်ဦး၏ အရှက်တရားအတွက် အမည်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမပြုသေးကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူကပြောသည်။

ရင်ပေါင်တိုင်ရွာသည် ယင်းမာပင်မြို့နှင့် ခုနစ်မိုင်ခန့်ကွာဝေးပြီး ရွာကြီးတစ်ရွာဖြစ်ကာ ရွာဈေးကွင်း နေရာတွင် ဈေးဝယ်သူများနှင့်လူစည်ကားချိန်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကို ရုတ်တရက်ခံလိုက်ရခြင်းဖြစ်သည်။

ယင်းမာပင်နှင့် ပုလဲနယ်စပ်တွင် စစ်ကြောင်းထိုးလျှက်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိ အချိန်၌ ရင်ပေါင်တိုင်နှင့်ငါးမိုင်ခန့်အကွာရှိ ကပိုင်ရွာတွင်တပ်စွဲကာ နေအိမ်များအားမီးရှို့နေကြောင်း သိရ သည်။

ရင်ပေါင်တိုင်ရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံများမှာ ရွာတွင်ပြန်လည်နေထိုင်ရန် အန္တရာယ် များသည့်အတွက် လက်ရှိအချိန်ထိ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ စောဖေ

#ရင်ပေါင်တိုင်ကျေးရွာ

#မုဒိမ်းကျင့်သတ်ဖြတ်

#စစ်ကောင်စီတပ်

#လေကြောင်းမှတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required