နင်းမိုင်း ၁၀၀ နီးပါးကာကွယ်ရေးတပ် ဖြုတ်ယူနိုင်၊ စစ်သားအင်အားနည်းလာ၍ မိုင်းများစွာခင်းထားရခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးပြော

နင်းမိုင်း ၁၀၀ နီးပါးကာကွယ်ရေးတပ် ဖြုတ်ယူနိုင်၊ စစ်သားအင်အားနည်းလာ၍ မိုင်းများစွာခင်းထားရခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးပြော

ဩဂုတ် ၁၉

ကော်သူးလေ(မဇ္ဈိမ)။        ။ အလွယ်တကူ ထောင်နိုင်ပြီး၊ အလွယ်တကူဖြုတ်ယူနိုင်သည့် M 14  ပလက်စတစ်နင်းမိုင်း ၁၀၀ နီးပါးအား လက်ပံတောင်းတောင် ကြေးနီးတောင်စီမံကိန်းအနီးရှိ ဝက်မှေးကျေးရွာနားတွင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှင်းလင်းဖြုတ်ယူနိုင််ခဲ့သည်။ 

ထိုမိုင်းများအသုံးပြုလာခြင်းသည် နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီအင်အား မလုံလောက်တော့သည့်အတွက် နင်းမိုင်းအများအပြားခင်းထားခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ရှင်းပြသည်။ 

“မိုင်းလုံးအရေအတွက်ကိုကြည့်လိုက်ရင် သူတို့အဲ့ဒီနေရာနားမှာ သူတို့အင်အားဘယ်နှစ်ယောက်လောက်ရှိတယ်ပေါ့နော် ၊ 'မိုင်းဆိုတာတော့ မအိပ်သောကင်းသမားဆိုတာ အဆိုရှိတာကို' ဝမ်ပေါင်ကုမ္ပဏီဘက်မှာရတာဆိုတော့ အင်အားအရပတ်လည်စိုးမိုးမှု မယူနိုင်တဲ့အတွက် မိုင်းတွေခင်းထားတာလို့ ယူဆတယ်” ဟု ၎င်းကပြောသည်။ 

ယမန်နေ့ ဩဂုတ်လ ၁၈ ရက်တွင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နှင့် ခုနစ်မိုင်ခန့်အကွာ ဝက်မှေးရွာအနီး ကြေးနီစီမံကိန်းသို့ သွယ်တန်းထားသည့် ဓာတ်မီးတိုင်များအောက်မှ ထိုမိုင်းများ ရှင်းလင်းရရှိခြင်းဖြစ်သည်။ 

“ကြေးနီစီမံကိန်းအနီးမှာ ထောင်ထားတာတွေကို ဖော်ထုတ်နိုင်ခဲ့တာပါ၊ ဆက်ပြီးတော့ မဖော်နိုင်သေးတဲ့နင်းမိုင်းတွေ များစွာရှိနေနိုင်ပါသေးတယ်၊ ဒါတွေနဲ့ပတ်သတ်ပြီး ဆက်လက်ဖော်ဖို့ ကြိုးစားနေပါတယ်” ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ယင်းမာပင်မြို့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောသည်။ 

ထိုနင်းမိုင်း ၇၈လုံးသည် ယမန်နေ့တစ်ရက်ထဲအတွင်း ရှာဖွေဖော်ထုတ်နိုင်ခြင်းဖြစ်သည်။ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သည့်  Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက အန္တရာယ်ကင်းစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ရရှိသည့်M 14 နင်းမိုင်း ၇၈ လုံးသည် ကာလတန်ဖိုး တစ်လုံးလျှင် တစ်သိန်းကျပ်နီးပါရှိပြီး  “ငါးကြင်းဆီနဲ့ငါးကြင်းကြော်မယ်” ဟု စစ်ကောင်စီတပ်အား တိုက်ခိုက်ချေမှုန်းရာတွင် ထိုမိုင်းများ ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း ကိုခန့်ကဆိုသည်။ 

ထိုM 14 ပလက်စတစ် နင်းမိုင်းအမျိုးအစားများသည် ပြည်မြို့ ကျော်စွာ ဓာတ်မြေဩဇာစက်ရုံအနီးရှိ အမှတ် (၇) ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး စစ်ဆင်ရေးရဲဘော်များအား တစ်ဦးတစ်လုံးနှုန်းကျ ရရှိသည့် နင်းမိုင်းအမျိုးအစား ဖြစ်သည်။ 

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်ကစပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက အဝေးပစ်လက်နက်ကြီးများဖြင့် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းကို  အချက်ပေါင်းမြောက်မြားစွာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

 ထိုတိုက်ခိုက်မှုများ ဖြစ်ပြီးချိန်လောက်တွင် စစ်ကောင်စီတပ်က ယခုနင်းမိုင်းများ ထောင်ထားခဲ့ခြင်းဖြစ်နိုင်ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ယင်းမာပင်မြို့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က သုံးသပ်ပြောဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြောက်ယမား
#ကြေးနီစီမံကိန်း
#CDM
#M14

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly