ကဘူးလ်မြို့တွင် ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် တာလီဘန် ဘာသာရေးခေါင်းဆောင် သေဆုံး

ကဘူးလ်မြို့တွင် ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် တာလီဘန် ဘာသာရေးခေါင်းဆောင် သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတစ်ခုကြောင့် တာလီဘန် ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ရှိတ်ခ် ရာဟင်မူလာ ဟက်ကာနီ သေဆုံးခဲ့ကြောင်း Tolo News မီဒီယာက ဖော်ပြသည်။

ဘာသာရေးခေါင်းဆောင် ဟက်ကာနီသည် မြို့တော်ရှိ ၎င်း၏ ကျမ်းစာသင်ကျောင်း၌ ဖြစ်ပွားသော ပေါက်ကွဲမှုတစ်ခုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဘီလယ် ကာရီမီကို ကိုးကားပြီး Tolo News က ဖော်ပြသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွား ခဲ့သည်။ ချန်ဒါဝယ်၊ ပူလ်-အီ-ဆော့ခ်တာ နှင့် ဆာကာရစ်ဇ် အပါအဝင် ကဘူးလ်၏ ဧရိယာအများအပြားတွင် ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၆ ရက်က ကဘူးလ်မြို့ အနောက်ဘက် ပူလ်-အီ-ဆော့ခ်တာ ဧရိယာအနီးတွင် ဖြစ်ပွားသော ပေါက်ကွဲမှုတစ်ခုကြောင့် ၃ဦးထက်မနည်း သေဆုံးပြီး ၇ဦး ထိခိုက် ဒဏ်ရာများ ရခဲ့ကြောင်း ကဘူးလ်မြို့ အမှတ် ၆ နယ်မြေ တပ်မှူး မော်လာဝီ ဇာဘီဟူလာ၏ ထုတ်ပြန်ချက်ကို ကိုးကားလျက် ပြည်တွင်း မီဒီယာက ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် များမကြာမီ ကာလအတွင်း လူပေါင်း ၁၂၀ ကျော် ထိခိုက်သေဆုံးခဲ့ရသည့် ပေါက်ကွဲမှုဖြစ်စဉ် များ ဖြစ်ပွားခဲ့သည့်အပေါ် ကုလသမဂ္ဂကလည်း ဝေဖန်ရှုတ်ချထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required