ဖာပွန်ခရိုင်တွင် ဩဂုတ်လ ဒုတိယသီတင်းပတ်အထိ တိုက်တွင်ပွဲများ၌ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးကြောင်း KNU ထုတ်ပြန်

ဖာပွန်ခရိုင်တွင် ဩဂုတ်လ ဒုတိယသီတင်းပတ်အထိ တိုက်တွင်ပွဲများ၌ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးကြောင်း KNU ထုတ်ပြန်

ဩဂုတ် ၁၈

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်တွင် ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဒုတိယသီတင်းပတ်အတွင်း တိုက်ပွဲပေါင်း ၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး သေဆုံးခဲ့သည်ဟု KNU တပ်မဟာ (၅) က ထုတ်ပြန်သော တိုက်ပွဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းအပြင် တိုက်ပွဲများအတွင်း နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်း ဖော်ပြထားသည်။ အဆိုပါ တိုက်ပွဲများတွင် KNLA တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်းလည်း ဆိုသည်။

စစ်ကောင်စီဘက်ကမူ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်လေ့မရှိပေ။

အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တပ်မဟာများတွင် KNU လက်အောက်ခံ တိုက်ခိုက်ရေးတပ်ဖြစ်သော KNLA တပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တို့အကြား နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

ယခုကဲ့သို့ မိုးရာသီတွင် ပုံမှန်အားဖြင့် တိုက်ပွဲအရေအတွက် နည်းပါးလေ့ရှိသော်လည်း အာဏာသိမ်းစစ်တပ်၏ နယ်မြေကျူးကျော်မှုနှင့် ထိုးစစ်ဆင်မှုများကြောင့် တိုက်ပွဲများ ဆက်လက်မြင့်တက်နေခြင်းဖြစ်ကြောင်း KNU ဗဟိုပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

KNU ထိန်းချုပ်နယ်မြေများအနက် ဖာပွန်ခရိုင်သည် ထိတွေ့ တိုက်ပွဲအများဆုံးနှင့် အပြင်းထန်ဆုံး နယ်မြေဖြစ်ပြီး ဇူလိုင်လအတွင်းက တိုက်ပွဲပေါင်း ၁၁၀ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦးသေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း လချုပ်မှတ်တမ်းများတွင် ဖော်ပြထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကရင်ပြည်နယ်

#ဖာပွန်ခရိုင်

#KNU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly