ခရိုင်းမီးယား၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် ရုရှက ပင်လယ်နက်စစ်ရေယာဉ်စု၏ တပ်မှူးကို ထုတ်ပယ်

ခရိုင်းမီးယား၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် ရုရှက ပင်လယ်နက်စစ်ရေယာဉ်စု၏ တပ်မှူးကို ထုတ်ပယ်

ဩဂုတ် ၁၈

ရုရှ သိမ်းပိုက်ထားသော ခရိုင်းမီးယားကျွန်းဆွယ်ရှိ စစ်အခြေစိုက်စခန်းများတွင် ပြီးခဲ့သည့် ကိုးရက်အတွင်း ပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ ရုရှအာဏာပိုင်တို့သည့် ခရိုင်းမီးယားတွင် အခြေစိုက်သည့် ပင်လယ်နက်စစ်ရေယာဉ်စု၏ တပ်မှူးဖြစ်သူကို ထုတ်ပယ်ပြီး တပ်မှူးသစ်တစ်ဦး အစားထိုးတာဝန်ပေးလိုက်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး RIA သတင်းအေဂျင်စီက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်။

ပင်လယ်နက် ရေယာဉ်စု၏ ယခင်တပ်မှူးဖြစ်သည့် အီဂေါ် အော့စီပေါ့ဗ် တာဝန်မှ ဖယ်ရှားခံရမှုကို အတည်ပြုနိုင်ပါက ယင်းသည် ရုရှတို့ ယူကရိန်းကို ကျူးကျော်ပြီးနောက် ခြောက်လနီးပါးကာလအတွင်း ရုရှစစ်ဖက် အရာရှိတစ်ဦး ထုတ်ပယ်ခံရပြီး အထင်ရှားဆုံး ဖြစ်စဉ် ဖြစ်လာမည် ဖြစ်သည်။ ရုရှသည် ယူကရိန်းအပေါ် ကျူးကျော်သည့် ခြောက်လနီးပါးကာလအတွင်း လူအင်အားနှင့် လက်နက်ပစ္စည်းကိရိယာပိုင်းတွင် ကြီးမားသည့် ဆုံးရှုံးမှုများကို ကြုံတွေ့ထားခဲ့ရသည်။

တပ်မှူးအကြီးအကဲသစ် ဗစ်တာ ဆိုကိုလော့ဗ်ကို ဆီဗက်စ်တိုပိုလ်ဆိပ်ကမ်း၌ ပင်လယ်နက် ရေယာဉ်စု၏ စစ်ဖက်ကောင်စီ အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြောင်း ရုရှနိုင်ငံပိုင် RIA က ကိုးကားဖော်ပြသည်။

တစ်ချိန်တည်းမှာပင် ရုရှက ၎င်းတို့အဆိုအရ ယူကရိန်းတွင် အထူးစစ်ဖက် စစ်ဆင်ရေးတစ်ခု လုပ်ဆောင်နေသည် ဆိုသည့်အချိန်ကာလအတွင်း ထိုကဲ့သို့ ရာထူးခန့်အပ်မှုကို လူသိရှင်ကြား မကြေညာခြင်းက ပုံမှန် ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရုရှနိုင်ငံတွင် လေးစားခံရသည့် သမိုင်းကြောင်းတစ်ခု ရှိသည့် ပင်လယ်နက် စစ်ရေယာဉ်စုသည် သမ္မတ ဗလာဒီမာ ပူတင် ဖေဖေါ်ဝါရီ ၂၄ ရက်က စတင်ခဲ့သော ယူကရိန်းကျူးကျော်စစ် ကာလတစ်လျှောက် လူသိရှင်ကြား အရှက်ရစရာ ကိစ္စအချို့ကို ကြုံတွေ့ခံစားထားခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလက ထို ပင်လယ်နက်စစ်ရေယာဉ်စု၏ ဦးဆောင် စစ်သင်္ဘော Moskva ကို ယူကရိန်းက Neptune ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ သင်္ဘော မီးလောင်နစ်မြုပ်သွားခဲ့သည်။

ပြီးခဲ့သည့်အပတ်ကလည်း ဆီဗက်စတိုပိုလ်ရှိ စစ်ရေယာဉ်စု၏ ဌာနချုပ်အနီး ခရိုင်းမီးယား အနောက်တောင်ပိုင်းရှိ ဆာကီ လေတပ်စခန်းတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့၍ စစ်လေယာဉ် ရှစ်စင်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံများအရ သိရသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required