နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်နှင့် ကွပ်မျက်မှုများ ရပ်တန့်ရန် ကုလအထူးကိုယ်စားလှယ်က စစ်ကောင်စီကို တိုက်တွန်း

နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်နှင့် ကွပ်မျက်မှုများ ရပ်တန့်ရန် ကုလအထူးကိုယ်စားလှယ်က စစ်ကောင်စီကို တိုက်တွန်း

ဩဂုတ် ၁၈

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်နှင့် သေဒဏ်စီရင်မှုများ ရပ်တန့်ရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဖြစ်သူက ဗုဒ္ဓဟူးနေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို တိုက်တွန်းတောင်းဆိုလိုက်သည်။

နိုင်ငံတွင် အကြမ်းဖက်မှုများ တိုးပွားနေစဉ် ဖြစ်ခေါင့်ဖြစ်ခဲ ကုလ အဆင့်မြင့်အရာရှိတစ်ဦး၏ ခရီးစဉ်တစ်ခုအဖြစ် ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယမန်နှစ်အစောပိုင်းက စစ်တပ်သည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဖြုတ်ချ အာဏာသိမ်းခဲ့ပြီး ငြိမ်းချမ်းသော ဆန္ဒပြမှုများအပေါ် သွေးထွက်သံယို ဖြိုခွင်းနှိမ်နင်းခဲ့သလို ယင်းနောက်ပိုင်း လက်နက်ကိုင် ခုခံတော်လှန်ရေး လှုပ်ရှားမှုများလည်း ပေါ်ပေါက်ခဲ့ခြင်းနှင့်အတူ နိုင်ငံသည် ဝရုန်းသုန်းကား အခြေအ‌နေအောက် ကျရောက်နေခဲ့သည်။

ကုလအထူးကိုယ်စားလှယ် နိုလင်း ဟေဇာသည် အင်္ဂါနေ့က နေပြည်တော်သို့ ရောက်လာခဲ့ပြီး သူမကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း စစ်ကောင်စီ မီဒီယာက ဖော်ပြသည်။ ထို့နောက် ကုလအထူးကိုယ်စားလှယ်သည် ဗုဒ္ဓဟူးနေ့တွင် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

“ကျွန်မရဲ့ ခရီးစဉ်ကတော့ ကုလသမဂ္ဂရဲ့ စိုးရိမ်ပူပန်မှုကို အသိပေးဖို့အတွက်အပြင် မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေနဲ့ ပဋိပက္ခကို လျော့ကျစေဖို့ လိုအပ်တဲ့ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေကို အဆိုပြုဖို့ပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထိတွေ့ပတ်သက်မှုက စစ်ကောင်စီကို တရားဝင်မှု ပေးတာ မဟုတ်ပါဘူး” ဟု ဟေဇာက ကုလ ထုတ်ပြန်သော ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

တွေ့ဆုံမှုနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ပန်ကြားမှုကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခဲ့ခြင်း မရှိပေ။ စစ်ကောင်စီ ခေါင်းဆောင်နှင့် ကုလကိုယ်စားလှယ်တို့သည် မြန်မာနှင့် ကုလအကြား ဆက်ဆံရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီ မီဒီယာ MRTV က ထုတ်လွှင့်ဖော်ပြပြီး အသေးစိတ်ဖော်ပြခြင်း မရှိခဲ့ပေ။

မကြာသေးခင်က မြန်မာနိုင်ငံတွင် စစ်ကောင်စီက ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်လိုက်ပြီးနောက် မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများအပေါ် ကမ္ဘာတစ်ဝန်းက ဝိုင်းဝန်းပြစ်တင်ရှုတ်ချခဲ့ကြသည်။ အဆိုပါ တက်ကြွလှုပ်ရှားသူလေးဦးသည် အကြမ်းဖက်လုပ်ရပ်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲပြောကြားခဲ့သည်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ၊ ဆန္ဒပြမှုများအပေါ် လူသေဆုံးစေသည့် ဖြိုခွင်းနှိမ်နင်းမှုအတွက် လက်စားချေရန် ကြိုးပမ်းသည့် တိုက်ခိုက်မှုများကို အကြမ်းဖက်လုပ်ရပ်များအဖြစ် စစ်ကောင်စီက ရည်ညွှန်းခြင်း ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ တရားရုံးများသည် နိုင်ငံရေးအကျဉ်းသားများကို ရှည်လျားသော ထောင်ဒဏ်များ ချမှတ်ထားသေးသည်။ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုဖြင့် တရားရုံးတစ်ခုက ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်လိုက်ပြီးနောက် တစ်ရက်အကြာတွင် ကုလကိုယ်စားလှယ်၏ ခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကွပ်မျက်မှုများ ထပ်မလုပ်ဘဲ တရားဝင် ရပ်ဆိုင်းရန်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် နိုလင်း ဟေဇာက မင်းအောင်လှိုင်ကို ဖိအားပေး တိုက်တွန်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ကုလအထူးကိုယ်စားလှယ် နိုလင်း ဟေဇာက စစ်ကောင်စီကို တောင်းဆိုခဲ့သည်။ ၂၀၂၁ ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုအတွင်း ထိန်းသိမ်းခံရသည့် ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးရေးကိုလည်း ဟေဇာက တောင်းဆိုခဲ့သည်။

“ကျွန်မ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံး တွေ့ခွင့်ရချင်ပါတယ်။ သူမ (ဒေါ်အောင်ဆန်းစုကြည်) ဟာ သက်ဆိုင်ပတ်သက်သူအားလုံးနဲ့ ကျွန်မရဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွက် အလွန်အရေးပါတဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်ပါတယ်” ဟု ဟေဇာက ထုတ်ပြန်ချက်တွင် ပြောသည်။

အသက် ၇၇ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် သီးသန့်အကျဉ်းထောင်တွင် အကျဉ်းချခံထားရပြီး သူမကို စစ်ကောင်စီက အဂတိမှုမှစပြီး ရွေးကောက်ပွဲ စည်းမျဉ်း ချိုးဖောက်မှုအထိ အမှု ၁၈ ခုထက်မနည်းဖြင့် စွဲဆိုထားပြီး သူမကို စွဲဆိုထားသည့်အမှုအားလုံးအရ အများဆုံးထောင်ဒဏ် နှစ် ၁၉၀ နီးပါးအထိ ချမှတ်နိုင်သည်ဟု သိရသည်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက အမှုရင်ဆိုင်နေရသည့် ပုဂ္ဂိုလ်များကို မည်သူနှင့်မှ တွေ့ခွင့်ပြုမည်မဟုတ်ဟု ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required