စစ်ကောင်စီတွင် ခံဝန်ထိုးထားသည့် ပါတီဝင်များ နိုင်ငံရေးပင်စင် ထုတ်ယူခဲ့

စစ်ကောင်စီတွင် ခံဝန်ထိုးထားသည့် ပါတီဝင်များ နိုင်ငံရေးပင်စင် ထုတ်ယူခဲ့

ဩဂုတ်လ ၁၇ ရက်

စစ်ကောင်စီထံတွင် ခံဝန်ထိုးပြီး နေထိုင်လျက်ရှိနေသည့် ပါတီဝင်များအနေဖြင့် နိုင်ငံရေးပင်စင်ထုတ်ယူခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးငြိမ်းသစ်က မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီ၏ ဩဂုတ်လ ၁၇ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာများတွင် ပြီးခဲ့သည့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း နိုင်ငံရေးတာဝန်များထမ်းဆောင်ခဲ့သူ ၄၉၁ဦးကို နိုင်ငံရေးပင်စင် ထုတ်ပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းတို့ထဲတွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် ကိုးဦး၊ တိုင်းနှင့်ပြည်နယ်အဆင့်ပုဂ္ဂိုလ် ၅၀ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅၂ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၈၈ဦး ၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၉၂ဦး ပါဝင်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထိုသို့ထုတ်ပြန်ခဲ့သည့် ၄၉၁ဦးအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၁၇ဦးပါဝင်သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးမှုများ၊ မိသားစုဝင်များကို ခြိမ်းခြောက်မှုများနှင့် ရှောင်တိမ်းရန် အခက်အခဲရှိသူများသည် ခံဝန်ထိုးနေထိုင်လျက်ရှိနေပြီး ၎င်းတို့အနေဖြင့် ထုတ်ယူခြင်း ဖြစ်ကြောင်း ဦးငြိမ်းသစ်က ဆိုသည်။

“သူတို့အတင်းအကျပ် ဖမ်းဆီးပြီးတော့ ခံဝန်ထိုးခိုင်းထားတဲ့ လူအချို့ပေါ့ဗျာ၊ အဲဒါတွေကိုတော့ နိုင်ငံရေးပင်စင် ထုတ်ပေးနိုင်ပါတယ်၊ မတရားဖမ်းဆီးမှု တွေခံရတဲ့ ပုဂ္ဂိုလ်တွေ ခြိမ်းခြောက်မှုခံရတဲ့ ပုဂ္ဂိုလ်တွေက ခံဝန်ထိုးထားပြီး ထုတ်ယူတဲ့သဘောပါပဲ။ “ ဟု ပြန်ကြားရေးကော်မတီဝင် ဦးငြိမ်းသစ်က မဇ္ဈိမသို့ပြောသည်။

နိုင်ငံရေးပင်စင်ဆိုသည်မှာ တာဝန်ထမ်းဆောင်သည့် ရာထူးအလိုက် လစာကို လုပ်သက်နှင့်မြှောက်ပြီး တစ်လုံးတည်းပေးအပ်သော ပင်စင်အမျိုးအစားဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲအတွင်းက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ကိုယ်စားလှယ်နေရာများအတွက် ရွေးကောက်ခံကိုယ်စားလှယ် ၁,၁၁၇ ဦး ရှိခဲ့သည်။ ၎င်းတို့အထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ စုစုပေါင်းရွေးကောက်ခံကိုယ်စားလှယ် ၉၂၀ ဦးဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှုကျူးလွန်ပြီးနောက်တွင် NLD မှ လွှတ်တော် ကိုယ်စားလှယ်အများအပြားသည် စစ်ကောင်စီ၏ ပစ်မှတ်ထားခံခဲ့ရပြီး ဖမ်းဆီးခံရမှုများ၊ နေအိမ်ချိပ်ပိတ် ခံရမှုများ၊ ပုဒ်မအမျိုးမျိုးဖြင့် အရေးယူခံရမှုများနှင့် စစ်ကြောရေးစခန်းများအတွင်း သတ်ဖြတ်ခံရမှုများ ကြုံတွေ့နေရသည်။

၂၀၂၂ ခုနှစ် မတ်လအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည့်စာရင်းများအရ ပါတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် ပါတီဝင် ၆၄၅ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၎င်းတို့အထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော် ပါဝင်ကြောင်း သိရသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက်မှ ၁၆ ဦးကျော်သည် စစ်ကြောရေးဒဏ်၊ ဆေးဝါးကုသမှု မလုံလောက်သည့် ပြဿနာများကြောင့် သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ်များအနက် အများအပြားသည် ပြည်သူလူထုနှင့်အတူ နွေဦးတော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်နေကြပြီး စစ်ကောင်စီထံတွင် ခံဝန်ထိုးသူများသည် ၁၀၀ကျော်ခန့်သာရှိနိုင်ပြီး NLDမှ နိုင်ငံရေးပင်စင် ထုတ်ယူသည့်သူ ၂၀၀ကျော်ရှိနေသည့်အပေါ်တွင် ဦးငြိမ်းသစ်က ငြင်းဆိုသည်။

“၂၀၀ကျော်ထိကတော့မဖြစ်နိုင်ပါဘူး၊ ၁၀၀ဝန်းကျင်လောက်ဆိုရင် ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ “ ဟု ၎င်းကဆိုသည်။

အာဏာသိမ်းပြီးနောက်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသာမက ဆန္ဒပြပွဲများတွင်ပါဝင်သူများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် မှတ်ချက်ပေးသူများနှင့် နိုင်ငံရေးနှင့်ပတ်သက်သည်များ ရေးသားသူများကိုပင် စစ်ကောင်စီက အငြိုးထား ဖမ်းဆီးနှိပ်စက်လျက်ရှိနေသည်။

ထို့ကြောင့် ပြည်ပနိုင်ငံများအပါအဝင် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်မှုများပြုလုပ်နေရပြီး လူဦးရေ သိန်းနှင့်ချီရှိနေကြောင်း ၎င်းတို့ကို ထောက်ပံ့ရေး အကူညီပေးနေသည့်အဖွဲ့များထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly