ရန်ကုန်မြို့ ရေကြီးခြင်းနှင့်အတူ ပုံအစစ်များအကြား ပုံအတုတစ်ခု ရောနှောပျံ့နှံ့နေ

By နေဇော်(မဇ္ဈိမ)
17 August 2022
ရန်ကုန်မြို့ ရေကြီးခြင်းနှင့်အတူ ပုံအစစ်များအကြား ပုံအတုတစ်ခု ရောနှောပျံ့နှံ့နေ

မဇ္ဈိမ(ရန်ကုန်)။ ။ ရန်ကုန်မြို့၌ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိပြီး ရေကြီးသည့်ပုံများ ပျံ့နှံ့လျက်ရှိသည်။ ထိုပုံများတွင် ကားရေနစ်မြုပ် နေသည့်ပုံမှာ မလေးရှားနိုင်ငံမှပုံတစ်ပုံဖြစ်နေသည်။

 

“ရန်ကုန်မိုး” ဟုရေးသားပြီး “မေသင်ဇာနွယ်” ဖေ့စ်ဘုတ်အကောင့်မှ ယနေ့မနက်တွင် ပုံ ခုနစ်ပုံနှင့်အတူ ဖြန့်ဝေထားသည်။ ထိုပုံကို ဖြန့်ဝေသူ ၂၆၆ ဦးအထိရှိနေပြီဖြစ်သည်။ အလားတူ ထိုပုံများကို ရည်ညွှန်းစာ အမျိုးမျိုးတပ်ကာ ဖြန့်ဝေမှုများလည်း များစွာရှိနေသည်။

ဖြန့်ဝေမှုများကို  https://bit.ly/3pn1G8T , https://bit.ly/3QNAU59, https://bit.ly/3QLkc7b များတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

 

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ ထိုပုံများအား စစ်ဆေးခဲ့ရာ ကားအဝါအရောင်နှင့် အနီရောင်များ အပါအဝင်အခြားသောကားများရေမြှုပ်နေသောပုံသည် မလေးရှားနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပုံတစ်ပုံဖြစ် ကြောင်း တွေ့ရသည်။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နိုင်ဂျီးရီးယားနိုင်ငံအခြေစိုက် “ The Advocate” သတင်း ဝက်ဘ်ဆိုဒ်မှ မလေးရှားနိုင်ငံရှိ ပြည်နယ်အချို့တွင်ရေကြီးမှုဖြစ်ခဲ့ခြင်းကြောင့် စေတနာ့ဝန်ထမ်းများက လူပေါင်း ၂၁,၀၀၀ ကို ကယ်ဆယ်ခဲ့သည့်အကြောင်း တင်ဆက်ထားသည့်သတင်းမှ သတင်းဓာတ်ပုံဖြစ် သည်။  https://bit.ly/3w9xtOe ယခုလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

 

ထို့အပြင် မလေးရှားနိုင်ငံ၏ သတင်းဝက်ဘ်ဆိုဒ်ဖြစ်သည့် The Star သတင်းဝက်ဘ်ဆိုဒ်မှာ အဆိုပါပုံနှင့် သတင်းအား ဒီဇင်ဘာ ၂၁ ရက် ၂၀၂၁ ခုနှစ်က ဖော်ပြထားသည်။ သတင်းလင့် - https://bit.ly/3w9xoKI

 

သတင်းတုတွင် ဖြန့်ဝေထားသည့် ပုံခုနစ်ပုံတွင် မလေးရှားနိုင်ငံမှပုံတစ်ပုံပါဝင်ပြီး အချက်အလက် ရှာဖွေ မရသည့် ပုံနှစ်ပုံပါဝင်သည်။ ထိုပုံများနှင့်ပတ်သက်၍ မဇ္ဈိမမှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

 

ကျန်လေးပုံမှာ  မြန်မာနိုင်ငံမှပုံများဖြစ်ပြီး ယနေ့ရေကြီးမှုနှင့်ပတ်သက်၍ The Irrawaddy မြန်မာပိုင်း အစီအစဉ်မှ တင်ဆက်ထားသည့် သတင်းဓာတ်ပုံများဖြစ်သည်။  https://bit.ly/3CfSPgT လင့်တွင် ဝင် ရောက်ကြည့်ရှုနိုင်သည်။

 

ထို့ကြောင့် ရန်ကုန်မြို့ရေကြီးခြင်းနှင့်အတူ ပျံ့နှံ့နေသည့် ဓာတ်ပုံများတွင် ဓာတ်ပုံအစစ်များပါဝင်ပြီး ကား အဝါအရောင်နှင့် ကားအနီရောင်များအပါအဝင်အခြားသော ကားများရေမြုပ်နေသောပုံသည် မလေးရှား နိုင်ငံမှဖြစ်စဉ်အဟောင်းသာဖြစ်ပြီး မြန်မာနိုင်ငံမှ ပုံမဟုတ်ကြောင်း တင်ပြလိုက်ပါသည်။

 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

 

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required