ကုလသမဂ္ဂ အထူးသံတမန်က စစ်ကောင်စီတာဝန်ရှိသူများနှင့် တွေ့ဆုံ 

ကုလသမဂ္ဂ အထူးသံတမန်က စစ်ကောင်စီတာဝန်ရှိသူများနှင့် တွေ့ဆုံ 

ဩဂုတ်လ ၁၇ ရက်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်သစ်သည် စစ်ကောင်စီ ထိပ်တန်းတာဝန်ရှိသူများနှင့် ဗုဒ္ဓဟူးနေ့တွင် စတင်တွေ့ဆုံပြီ ဖြစ်သော်လည်း ဖြုတ်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်လားဆိုသည့် မေးခွန်းကို တုံ့ပြန်ခြင်း မရှိပေ။ 

ပဋိပက္ခ ဖြစ်ပွားနေရာ မြန်မာနိုင်ငံသို့ အင်္ဂါနေ့တွင် စတင်သည့် နိုလင်း ဟေဇာ၏ ခရီးစဉ်သည် “ယိုယွင်းဆိုးဝါးနေသော အခြေအနေများနှင့် လက်ငင်းစိုးရိမ်ပူပန်မှုများအပြင် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာရ အခြားသော ဦးစားပေး နယ်ပယ်များကို ပစ်မှတ်ထားသွားမည်”ဟု ကုလသမဂ္ဂက ပြောထားသည်။ 

ရဲနှင့် အရပ်ဝတ် လုံခြုံရေးတာဝန်ရှိသူများ ခြံရံထားသည့် နိုလင်း ဟေဇာသည် ဟိုတယ်မှ ထွက်ကာ မော်တော်ယာဉ်တန်းဆီ သွားရောက်ချိန်၌ ဗုဒ္ဓဟူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖြစ်မည်လားဆိုသည့် အေအက်ဖ်ပီ၏ မေးမြန်းမှုကို တုံ့ပြန်ခြင်း မရှိခဲ့ပေ။ 

အသက် ၇၇ နှစ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရခြင်းဖြစ်ကာ တနင်္လာနေ့တွင် သီးသန့်စစ်ကောင်စီ တရားရုံး၌ ၎င်းအား နောက်ထပ် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။ 

နိုလင်း ဟေဇာသည် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းတွင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောခွင့်ရသူ ဇော်မင်းထွန်းက ပြောသည်။ 

“တွေ့ဆုံမှုကနေ ရလဒ်ကောင်းတွေ ပေါ်ထွက်လာဖို့ ကျွန်တော်တို့ မျှော်လင့်တယ်”ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံသည် ၂၀၂၁ ဖေဖော်ဝါရီလ၌ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဝရုန်းသုန်းကား အခြေအနေဆိုက်နေပြီး ပြင်းထန်သည့် ခုခံမှုများနှင့် ပြည်တွင်းတော်လှန်စစ်များ ဖြစ်ပွားပေါ်ပေါက်သည်။ 

စစ်တပ်၏ သဘောထားကွဲသူများအပေါ် ဖြိုခွင်းမှုများ၌ လူပေါင်း ၂,၂၀၀ ကျော် အသတ်ခံရပြီး ၁၅,၀၀၀ ကျော် ဖမ်းဆီးခံရကြောင်း ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်အရ သိရသည်။ 

ပဋိပက္ခ ဖြေရှင်းရေးအတွက် ကုလသမဂ္ဂနှင့် အာဆီယံတို့၏ သံတမန်ရေး ကြိုးပမ်းမှုများမှာလည်း အတိုက်အခံများနှင့် ညှိနှိုင်းဆွေးနွေးရန် စစ်ဗိုလ်ချုပ်များ၏ ငြင်းဆန်နေမှုကြောင့် အနည်းငယ်သာ တိုးတက်မှု ရှိသည်။ 

ပြီးခဲ့သည့်လက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် သေဒဏ်စီရင်လိုက်ခြင်းကြောင့် စစ်ကောင်စီအား နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများ ထပ်မံ ဖြစ်ပွားပေါ်ပေါက်လာခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly