ကုလအထူးကိုယ်စားလှယ်၏ ဆွေးနွေးချက်များ မြန်မာပြည်သူတစ်ရပ်လုံး၏ အသံများဖြစ်ရန် လိုအပ်သည်ဟု NUG ပြော

ကုလအထူးကိုယ်စားလှယ်၏ ဆွေးနွေးချက်များ မြန်မာပြည်သူတစ်ရပ်လုံး၏ အသံများဖြစ်ရန် လိုအပ်သည်ဟု NUG ပြော

ဩဂုတ် ၁၇

မဇ္ဈိမ။ ။ ကုလအထူးကိုယ်စားလှယ်၏ ဆွေးနွေးချက်များ မြန်မာပြည်သူတစ်ရပ်လုံး၏ အသံများဖြစ်ရန် လိုအပ်သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၁၇ ရက်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာတို့ နေပြည်တော်တွင် တွေ့ဆုံမည်ဖြစ်သည်။

" Ms. Noeleen Heyzer ၏ ဆွေးနွေးချက်များသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ကာ မြန်မာပြည်သူလူထု၏ အသံကို ထင်ဟပ်ရမည်" ဟု NUG က ဆိုသည်။

ထို့ပြင် အထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ အဆုံးသတ်ရေးကို ဦးတည်ရမည့်အပြင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ထောက်ပံ့ကူညီမှုများကို လက်နက်သဖွယ် အသုံးချနေခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတို့အား အဆုံးသတ်ရန် ဆောင်ရွက်ရမည်ဖြစ်သည်ဟု NUG က ထောက်ပြသည်။

ထို့အပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေသည့် အကြမ်းဖက်စစ်အုပ်စုက လှုံ့ဆော်လျက်ရှိသည့် ပြဿနာ အကျပ်အတည်းများကိုလည်း ဖြေရှင်းရမည်ဖြစ်ပြီး ဖြေရှင်းနိုင်ခြင်းမရှိပါက အကြမ်းဖက်စစ်အုပ်စုအား စစ်ရာဇဝတ်သားများအဖြစ်မှ သက်သာရာရသွားစေမည့်အဖြစ်သို့ ရောက်ရှိသွားနိုင်သည်ဟု NUG က သုံးသပ်သည်။

နိုလင်းဟေဇာ၏ ခရီးစဥ်ကို UN က ထုတ်ပြန်သည့် နေ့မှာပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထပ်တိုးထောင်ဒဏ်ခြောက်နှစ်အား မတရားသဖြင့် ချမှတ်ခဲ့ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့က အကြိမ်ကြိမ်ရှုတ်ချခဲ့သော်လည်း စစ်ကောင်စီ၏ လုပ်ရပ်များမှာ တမင်တကာ ရန်စနေသည့် အခြေအနေဖြစ်သည်ဟု NUG က ထောက်ပြသည်။

ထို့အပြင် နိုင်ငံရေးအကျဥ်းသား လေးဦးကို ကွပ်မျက်မှုမှာ အကြမ်းဖက်စစ်အုပ်စုက အာဆီယံနှင့် ကုလသမဂ္ဂတို့၏ တောင်းဆိုချက်များကို ပယ်ချရုံသာမက အကြမ်းဖက်လုပ်ရပ်များအား ယခုထက် ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်လျက်ရှိနေခြင်းဟု NUG က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အားထားရသော မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေမည်ဟု NUG က ထုတ်ပြန်သည်။

နိုလင်းဟေဇာသည် မြန်မာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၁ ခုနှစ်က ခန့်အပ်ခံရခြင်းဖြစ်သော်လည်း စစ်ကောင်စီက ပြည်ဝင်ခွင့်မပေးသဖြင့် လာရောက်နိုင်ခြင်းမရှိဘဲ ယခုမှသာ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကုလအထူးကိုယ်စားလှယ်

#စစ်ကောင်စီ

#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly