ဂျပန်နိုင်ငံသား တိုရုကုဘိုတာကို စွဲဆိုထားသောအမှုများပြီးပြတ်မှသာ လွှတ်ပေးရန် လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီပြော

ဂျပန်နိုင်ငံသား တိုရုကုဘိုတာကို စွဲဆိုထားသောအမှုများပြီးပြတ်မှသာ လွှတ်ပေးရန် လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီပြော

ဩဂုတ် ၁၇

မဇ္ဈိမ။ ။ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တိုရုကုဘိုတာ(Toru Kubota)ကို စွဲဆိုထားသောအမှုများနှင့် ပတ်သက်၍ တရားရုံး၏ စီရင်ချက်ကို စောင့်ကြည့်ရမည်ဖြစ်ပြီး အမှုအားလုံးပြီးပြတ်မှသာ လုပ်ဆောင်သင့် သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ဩဂုတ်လ ၁၆ ရက်တွင် စစ်ကောင်စီ ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယမန်နေ့ သြဂုတ်လ ၁၆ ရက်တွင် ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင်း တရားရုံးက တိုရုကုဘိုတာကို ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ရုံးချိန်းကို သြဂုတ်လ ၃၀ ရက်သို့ ပြန်လည်ချိန်းဆိုထားသည်ဟု အင်းစိန်ထောင်တွင်း သတင်းအရင်းအမြစ်က မဇ္စျိမကို ပြောသည်။

စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် “ဂျပန်နိုင်ငံသား Toru Kubota အား ၃၀- ၇-၂၀၂၂ ရက်နေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) City Mart အနီး ဆန္ဒပြမှုတွင် ကိုယ်တိုင်ပါ၀င်ပတ်သက်၍ ဆောင်ရွက်ခြင်းကြောင့် ဥပဒေအရ တရားစွဲဆိုဆဲ၊ အမှုဖွင့်လှစ်ဆဲဖြစ်ပါတယ်။ သက်ဆိုင်ရာ တရားရုံး၏ တရားစီရင်ချက်ကို စောင့်ကြည့်ရမည်ဖြစ်ပြီး အမှုအားလုံးပြီးပြတ်မှသာ လုပ်ဆောင်သင့်သည်များအား လုပ်ဆောင်နိုင်ပါတယ်”ဟု ထုတ်ပြန်ထားသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဂျပန်နိုင်ငံသား တိုရုကုဘိုတာ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံ ပြန်လည်ထူထောင်ရေး၀န်ကြီးဌာန ၀န်ကြီးဟောင်းအပါအဝင် လက်ရှိအာဏာရပါတီ၏ အောက်လွတ်တော်အမတ် မစ္စတာ ဟီရိုမီချီဝါတာနာဘေးတို့ သြဂုတ်လ ၁၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။

မစ္စတာဝါတာနာဘေးက စစ်ကောင်စီနှင့် တွေ့ဆုံအပြီး သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဂျပန်နိုင်ငံသို့ ပြန်ရောက်ရှိပြီဖြစ်ကြောင်း၊ ခရီးစဉ်၏ ရည်ရွယ်ချက်သည် တိုရုကူဘိုတာကို ချက်ချင်းလွှတ်ပေးရန် သွားရောက် တောင်းဆိုခြင်းဖြစ်ကြောင်းနှင့် အမြန်ဆုံးလွတ်လာမည်ဟုယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီက တိုရုကူဘိုတာအား ဗီဇာစည်းမျဉ်းချိုးဖောက်မှု လ၀က ဥပဒေ ပုဒ်မ ၁၃(၁)၊ ပုဒ်မ ၅၀၅(က)တို့ဖြင့် တရားစွဲထားခြင်းဖြစ်သည်။

ပြီးခဲ့သော ဇွန်လ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်”ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ခုမှအပြန် စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကောင်စီ

#ဂျပန်နိုင်ငံသား

#တရားစွဲဆို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required