အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ၌ ပါဝင်မှုဖြင့် ဖမ်းဆီးထားသော ဂျပန်နိုင်ငံသားကို စတင်တရားစွဲဆို

အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ၌ ပါဝင်မှုဖြင့် ဖမ်းဆီးထားသော ဂျပန်နိုင်ငံသားကို စတင်တရားစွဲဆို
Photo - AFP

ဩဂုတ် ၁၇

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြမှုအတွင်း ပါဝင်မှုဖြင့် ဖမ်းဆီးထားသော ဂျပန်နိုင်ငံသားကို စောစီးစွာ ပြန်လွှတ်ရန် ဂျပန်အစိုးရက တောင်းဆိုထားသည့်ကြားမှပင် စတင်တရားစွဲဆိုပြီဖြစ်ကြောင်း စစ်ကောင်စီက အင်္ဂါနေ့တွင် ပြောသည်။ 

မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တိုရူ ကူဘိုတာသည် ရန်ကုန်၌ ဇူလိုင် ၃၀ ရက်က ဆန္ဒပြမှုအတွင်း ပါဝင်ခြင်းအားဖြင့် ဆူပူအောင်လှုံ့ဆော်မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေတို့ကို ချိုးဖောက်မှုတို့ဖြင့် စွဲချက်တင်ထားကာ တရားစစ်ဆေးကြားနာမှုများ လုပ်ဆောင်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ချက်တစ်ရပ်၌ ဆိုသည်။ 

၎င်းကို ဖြစ်နိုင်သမျှ စောစီးစွာ ပြန်လွှတ်ရန် ဂျပန်အစိုးရက တိုက်တွန်းလျက် ရှိသော်လည်း သက်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်သာ ဖြစ်လိမ့်မည်ဟု စစ်ကောင်စီက တုံ့ပြန်ထားသည်။ 

ကူဘိုတာသည် နိုင်ငံ၏ အကြီးဆုံး တောင်ဒဂုံမြို့နယ်က ဆန္ဒပြပွဲတစ်ခုကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးချိန်တွင် မြန်မာနှစ်ဦးနှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဌာနေမီဒီယာက ဖော်ပြသည်။ 

ကူဘိုတာသည် ခရီးသွားဗီဇာဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် လတွင် ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြမှုအတွက် လူစုရာနှင့် စပ်လျဉ်းပြီး ဆန္ဒပြသူများနှင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီလက အရပ်သား ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ချိန်မှစကာ စစ်အုပ်ချုပ်ရေးအောက် ကျရောက်လျက် ရှိသည်။  

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly