အာဖဂန်နစ္စတန်တွင် အယ်လ်ကိုင်ဒါအဖွဲ့ ပြန်လည်စုဖွဲ့နိုင်မှုအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန် အက်ဖ်ဘီအိုင်အရာရှိ ပြော

By Tolo News
16 August 2022
အာဖဂန်နစ္စတန်တွင် အယ်လ်ကိုင်ဒါအဖွဲ့ ပြန်လည်စုဖွဲ့နိုင်မှုအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန် အက်ဖ်ဘီအိုင်အရာရှိ ပြော

အာဖဂန်နစ္စတန်မှ အကြမ်းဖက်သမားတို့ စုဖွဲ့ပေါ်ထွက်လာပြီး အမေရိကန်အပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်ခြေနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) ၏ ညွှန်ကြားရေးမှူး ခရစ်တိုဖာ ရေးက ဆိနိတ်လွှတ်တော် တရားစီရင်ရေး ကော်မတီ ကြားနာပွဲတွင် ပြောကြားလိုက်သည်။
 
အာဖဂန်နစ္စတန်၏ မြို့တော် ကဘူးလ်၌ အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် အယ်လ်ကိုင်ဒါ ခေါင်းဆောင် အေမန် -အယ်လ်- ဇာဝါဟီရီ သေဆုံးမှုဖြစ်စဉ် ဖြစ်ပြီးနောက် ငါးရက်အကြာ ဩဂုတ် ၄ ရက်တွင် FBI ညွှန်မှူးက အထက်ပါအတိုင်း ဆိနိတ်လွှတ်တော် ကော်မတီကို ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ အထူးသဖြင့် ခုချိန်မှာ အဲဒီနိုင်ငံ (အာဖဂန်) ကနေ ထွက်လာပြီးပါပြီ။ အဲဒီမှာ ထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းတာနဲ့ ရင်းမြစ်တွေ ဆုံးရှုံးနိုင်ခြေ ရှိတာနဲ့ပတ်သက်လို့ ကျွန်တော် စိုးရိမ်မိပါ တယ်။ နောက်ပြီး အယ်လ်ကိုင်ဒါအဖွဲ့ ပြန်လည်ဖွဲ့စည်းတာနဲ့ ယိုယွင်းဆိုးရွားနေတဲ့ လုံခြုံရေးအနေအထားအပေါ် အိုင်အက်စ်-ကေ အဖွဲ့က အခွင့်ကောင်းယူနိုင်ခြေရှိတာကို ကျွန်တော်တို့ မြင်ရနိုင်တဲ့ ဖြစ်နိုင်ခြေ အလားအလာနဲ့ ပတ်သက်လို့ ကျွန်တော် အင်မတန် ပူပန်မိပါတယ်” ဟု ရေးက ပြောသည်။
 
“နောက်တစ်ကြိမ် ၉/၁၁ တိုက်ခိုက်မှု ဖြစ်ရပ်မျိုး ထပ်မဖြစ်စေအောင် တားဆီးနိုင်ဖို့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မူဝါဒတွေကို အလိုက်သင့် ပြုပြင်ချိန်ညှိဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အာဖဂန်နစ္စတန်မှာ ကျိုးပျက်နေတဲ့ နယ်စပ်တစ်ခုနဲ့ အကြမ်းဖက်သမားတွေအတွက် ဘေးကင်းခိုလှုံရာနေရာတစ်ခုတို့ ရှိနေတာက ဘေးအန္တရာယ်အတွက် ဖော်မြူလာတစ်ခု ဖြစ်ပါတယ်” ဟု ဆိနိတ်တာ လင့်ဆေး ဂရေဟမ်က တွစ်တာတွင် ရေးသည်။
 
အဆိုပါ အချိန်အတောအတွင်းမှာပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် အရှေ့တောင် အာရှ နိုင်ငံများအသင်း အစည်းအဝေးတစ်ခုတွင် ကာတာ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူလ်ရာမန် အယ်လ်-တာနီနှင့် သီးခြားတွေ့ဆုံခဲ့ပြီး အာဖဂန်နစ္စတန်၏ အခြေအနေနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required