ပါကစ္စတန် မြောက်ဝါဇီရစ္စတန်ခရိုင်၌ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ပါကစ္စတန် မြောက်ဝါဇီရစ္စတန်ခရိုင်၌ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် မြောက်ဝါဇီရစ္စတန်ခရိုင် မီရာအလီ ဧရိယာတွင် စစ်တပ်ယာဉ်တန်းတစ်ခု အသေခံဗုံးခွဲတိုက်ခိုက်ခံရ၍ စစ်သား ၄ဦး သေဆုံးခဲ့ကြောင်း စစ်တပ် မီဒီယာက ဩဂုတ် ၉ ရက်တွင် ထုတ်ပြန်သည်။

သေဆုံးခဲ့သည့် စစ်သားများမှာ မန်ဆီဟ်ရာ ဒေသမှ အသက် ၂၂ နှစ်ရှိ နိတ်ခ် ရှာဇိုင်ဘ်၊ ဂီဇာဒေသခံ အသက် ၂၆ နှစ်ရှိ နိတ်ခ် ဆာဂျက်ဒ်၊ ကိုဟတ် ဒေသခံ အသက် ၂၅ နှစ်ရှိ စီပွိုင် အူမိုင်အာနှင့် နာရိုဝဲလ် ဒေသခံ အသက် ၃၀ နှစ်ရှိ စီပွိုင် ခါရမ်တို့ ဖြစ်သည်ဟု ပါကစ္စတန်၏ ဌာနပေါင်းစုံ ပြည်သူ့ဆက်ဆံရေး (ISPR) ဌာနက ပြောကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် အသေခံ ဗုံးခွဲသမား၊ ၎င်းကို နောက်ကွယ်မှ စေခိုင်းသူများ၊ ကူညီအားပေးသူများနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန် ထောက်လှမ်းရေး အေဂျင်စီများက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ISPR က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

မြောက်ဝါဇီရစ္စတန် မျိုးနွယ်စုခရိုင်တွင် ပြီးခဲ့သည့် လများအတွင်း လုံခြုံရေးတပ်ဖွဲ့များနှင့် သံသယရှိ အကြမ်းဖက်သမားများအကြား ထိပ်တိုက်တွေ့ တိုက်ခိုက်မှုများက မကြာခဏ ဖြစ်ပွားလာနေခဲ့သည်။

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ယခု စစ်ယာဉ်တန်း အသေခံဖောက်ခွဲ တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝမ်းနည်းပူပန်ကြောင်း ထုတ်ဖော်ခဲ့ပြီး အကြမ်းဖက်ဝါဒ၏ အန္တရာယ်ကို နိုင်ငံမှ အမြစ်ဖြတ်ရှင်းလင်းသွားမည်ဟု အခိုင်အမာ ပြောခဲ့သည်။

ပြီးခဲ့သည့်လများအတွင်း ယင်းကဲ့သို့သော ဗုံးခွဲတိုက်ခိုက်မှုအချို့ ပါကစ္စတန်တွင် ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၄ ရက်ကလည်း လုံခြုံရေးတပ်ဖွဲ့များ၏ ယာဉ်တန်းတစ်ခုကို အသေခံ ဗုံးခွဲတိုက်ခိုက်သူတစ်ဦးက တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly