ပါကစ္စတန်တွင် ပြည်တွင်းသတင်း ရုပ်သံလိုင်းတစ်ခု ထုတ်လွှင့်မှု ရပ်ဆိုင်းခံရမှုအပေါ် ဂျာနယ်လစ်များသမဂ္ဂ ပြင်းထန်စွာ ဝေဖန်

ပါကစ္စတန်တွင် ပြည်တွင်းသတင်း ရုပ်သံလိုင်းတစ်ခု ထုတ်လွှင့်မှု ရပ်ဆိုင်းခံရမှုအပေါ် ဂျာနယ်လစ်များသမဂ္ဂ ပြင်းထန်စွာ ဝေဖန်

ပါကစ္စတန်နိုင်ငံတွင် အီလက်ထရောနစ် မီဒီယာ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ (PEMRA) က ပြည်တွင်း သတင်း ရုပ်သံတစ်ခု၏ နိုင်ငံတစ်ဝန်း ထုတ်လွှင့်မှုကို ရပ်ဆိုင်းလိုက်မှုအပေါ် ပါကစ္စတန် ဖက်ဒရယ် ဂျာနယ်လစ်များ သမဂ္ဂ (PFUJ) က ဩဂုတ် ၈ ရက်တွင် ပြင်းထန်စွာ ပြစ်တင်ဝေဖန်လိုက်ပြီး နိုင်ငံတွင် မီဒီယာ လွတ်လပ်ခွင့်အပေါ် ထိန်းချုပ်ကန့်သတ်မှုကို ဆန့်ကျင်ဆန္ဒပြရန်နှင့် ဂျာနယ်လစ်များ၏ အခွင့်အရေးကို ကာကွယ်ရန် လိုအပ်ကြောင်း ထုတ်ပြန်လိုက်သည်။
 
နိုင်ငံတွင် အာဏာရ ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ် နာဝက်ဇ် (PML-N) သည် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ ဥက္ကဋ္ဌ အီမရန်ခန်းကို အပုပ်ချရန် မဟာဗျူဟာကျ မီဒီယာနည်းလမ်းကို အသက်သွင်း ထားခဲ့ကြောင်း သတင်းတစ်ပုဒ်ကို ထုတ်လွှင့်ဖော်ပြခဲ့သည့် ပါကစ္စတန်ရုပ်သံ မီဒီယာ တစ်ခု ရပ်ဆိုင်း ခံလိုက်ရပြီးနောက် PFUJ က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

သတင်းချန်နယ် ထုတ်လွှင့်မှုကို ရပ်ဆိုင်းစေသည့် လုပ်ဆောင်ချက်က အစ္စလမ်မာဘတ် ဗဟိုတရားရုံး (IHC) ၏ ညွှန်ကြားချက်များကို ရှင်းရှင်းလင်းလင်း ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်သည်။ ပါကစ္စတန် အီလက်ထရောနစ် မီဒီယာ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ (PEMRA) ဘက်က သတင်းချန်နယ်ကို ပိတ်သိမ်းခြင်းမပြုရန် IHC က ညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန် ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော ARY News ၏ ထုတ်လွှင့်မှုများကို မူလအတိုင်း အမြန်ဆုံး ပြန်ဖြစ်စေရေး လုပ်ဆောင်ပေးရန် PEMRA ကို PFUJ ၏ ဥက္ကဋ္ဌ အက်ဖ်ဇဲလ် ဘတ်က တောင်းဆိုခဲ့သလို   ၂၄ နာရီအတွင်း ထုတ်လွှင့်မှုများ မူလအတိုင်း ပြန်လည်ထုတ်လွှင့်နိုင်ခြင်း မရှိပါက နိုင်ငံတစ်ဝန်း ဆန္ဒပြသွားမည်ဟု သတိပေးခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
 
ARY News ၏ ထုတ်လွှင့်မှုများ ရပ်ဆိုင်းခံရမှုနှင့်ပတ်သက်ပြီး ရာဝယ်ပင်ဒီ-အစ္စလမ်မာဘတ် အီလက်ထရောနစ် မီဒီယာ အစည်းအရုံးကလည်း PEMRA ကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

ပါကစ္စတန် ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော ARY News ၏ ထုတ်လွှင့်မှုများသည် ဩဂုတ် ၈ ရက်က နိုင်ငံ၏ ဒေသအသီးသီးတွင် ရပ်ဆိုင်းခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly