တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံသို့ပူးပေါင်းခြင်းက တာလီဘန် အထီးကျန်သွားစေနိုင်ကြောင်း အစီရင်ခံစာတစ်ရပ်၌ ဖော်ပြ

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံသို့ပူးပေါင်းခြင်းက တာလီဘန် အထီးကျန်သွားစေနိုင်ကြောင်း အစီရင်ခံစာတစ်ရပ်၌ ဖော်ပြ

တရုတ်နှင့် ပါကစ္စတန်တို့သည် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အခြေခံအဆောက်အအုံစီမံကိန်းတွင် တတိယနိုင်ငံကို ဆွဲထည့်ရန် စီစဉ်နေကြကာ စီမံကိန်းတွင် အာဖဂန်နစ္စတန်ပါဝင်လိုက်ပါက တာလီဘန်အစိုးရသည် ကမ္ဘာ့အသိုင်းအဝိုင်းနှင့် လုံးဝကင်းကွာသွားပေလိမ့်မည်။  

မကြာသေးမီက ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ညှိနှိုင်းရေး (JWG-ICC) ဆိုင်ရာ CPEC ပူးတွဲလုပ်ငန်းအဖွဲ့ (JWG) ၏ တတိယအကြိမ် အစည်းအဝေးတွင် တာလီဘန်ဦးဆောင်သော အာဖဂန် နစ္စတန်နိုင်ငံအား CPEC တွင် ပါဝင်ရန် ပါကစ္စတန်က ကမ်းလှမ်းထားသည်ဟု အဝေးရောက် အာဖဂန်ကွန်ရက် Afghan Diaspora Network က ပြောသည်။

ဒေသတွင်း ချိတ်ဆက်မှုအခြေအနေတွင် နှစ်ဖက်စလုံးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောရေးကို မြှင့်တင်ရန်  CPEC အား အာဖဂန်နစ္စတန်သို့ တိုးချဲ့မှုနှင့်ပတ်သက်၍ JWG တွင် ၎င်းတို့၏အမြင်များကို ဖလှယ်ခဲ့ ကြသည်ဟု တရုတ်နိုင်ငံက ပြောသည်။
 
အာဖဂန်က နိုင်ငံခြားငွေအတွက် အခက်ကြုံနေချိန်မှာ ပါကစ္စတန်က အာဖဂန် ပို့ကုန်များ တိုးမြှင့်ရန် ကဘူးလ်နှင့် တောင်အာရှနှင့်အလယ်အာရှဒေသတို့ကို ချိတ်ဆက်ပေးရန် ရည်ရွယ်၍ အာဖဂန်နစ္စတန်အား ချိတ်ဆက်မှုပံ့ပိုးရန် ကမ်းလှမ်းထားသည်။

သို့သော် ပါကစ္စတန်၏ အဓိက အရင်းခံအစီအစဉ်မှာ တရုတ်နိုင်ငံနှင့် ပူးပေါင်းကြံကာ အာဖဂန်နစ္စတန်အပေါ် ၎င်း၏ စီးပွားရေး လွှမ်းမိုးမှုကို သက်ရောက်စေရန်နှင့် အာဖဂန်၏ အဖိုးတန်သဘာဝအရင်းအမြစ်များကို အသုံးချရန် ဖြစ်ကြောင်း Afghan Diaspora Network က ဖော်ပြခဲ့သည်။

CPEC တွင် အာဖဂန်နစ္စတန်ပါဝင်ရေးဖြစ်သော ပါကစ္စတန်၏ ဖုံးကွယ်ထားသောအစီအစဉ်တစ်ခုလုံးမှာ ၎င်း၏ကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်းများအတွက်လိုအပ်သော စွမ်းအင်နှင့် တခြားရင်းမြစ်များကို ထိန်းချုပ် အသုံးချရန်ဖြစ်သည်။

တရုတ် သို့မဟုတ် ပါကစ္စတန်၏ ထောင်ချောက်ထဲ့သို့ ကျရောက်ခြင်းသည် အာဖဂန်နစ္စတန်အတွက် ရေရှည်အကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်သည်။ ပါကစ္စတန်သည် ကူညီပေးနိုင်သည့်အစွမ်းမရှိသလို တရုတ်ကလည်း မည်သည့်နိုင်ငံကိုမှ စီးပွားရေးအကျပ်အတည်းမှ ကယ်တင်သည့်မှတ်တမ်းမရှိပေ။

အာဖဂန်နစ္စတန်အနေဖြင့် လှည့်ဖြားမှုများကို ရှောင်ကြဉ်ပြီး စီးပွားရေးနှင့်နိုင်ငံရေးဒုက္ခများအတွက် ကျိုးကြောင်းဆီလျော်သောဖြေရှင်းချက်များကို ရှာဖွေရန် ကြိုးစားသင့်ပေသည်။ CPEC တွင် ပူးပေါင်းပါဝင်ခြင်းက အာဖဂန်အား နိုင်ငံတကာအသိုက်အဝန်းနှင့် ပို၍ ဝေးကွာသွားစေနိုင်ပေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required