AA က သိမ်းဆည်းရမိသည်ဆိုသော လက်နက်ခဲယမ်းပုံ အမှား

AA က သိမ်းဆည်းရမိသည်ဆိုသော လက်နက်ခဲယမ်းပုံ အမှား

မဇ္ဈိမ(ရန်ကုန်)။ ။ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားသည့်တိုက်ပွဲ တွင် စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့်သုံ့ပန်းစစ်သားတစ်ဦး ဖမ်းဆီးရမိ သည့်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ တိုက်ပွဲဖြစ်ပွားသည့်အကြောင်းအရာ မှန်ကန်သော်လည်း အသုံးပြုထားသောပုံများမှာ ယခင်တိုက်ပွဲများမှ ဓါတ်ပုံအဟောင်းများဖြစ်သည်။

 

ရခိုင်ပြည်နယ်နှင့်ပက်သက်သည့်သတင်းများကို ဖြန့်ဝေလေ့ရှိသည့် “Minbar Bayin” အမည်ရှိ ဖေ့စ်ဘုတ် အကောင့်မှ ဩဂုတ်လ ၁၄ ရက်နေ့တွင် “ညဇာက မအလအလူAug 13 ရက်နိန့် ညဇာက တိုက်ပွဲမှာ ငပိလစန့်ကြောင် 31 ကောင်နန့်အရှင် 4 ကောင်ဖမ်းရေအပြင်လက်နက်ရိက္ခာတိ လာလူပီးလားပါရေ ဝံလက်တိ တောင်ပြန်ဖြန့်လို့ တိုက်ပွဲတိုင်းအနိုင်ယူအောင်မြင်ပနာ ရခိုင်လူမျိုးတိဖြစ်ချင်နိန်ရေ ဆန္ဒကို အယင်ဆုံး ဖြည့်စီးပီးနိုင်ပါဇီ” ( မူရင်း အရေးအသားအတိုင်း ) ဟုရေးသားကာ လက်နက်ခဲယမ်း ပုံအချို့နှင့် သုံ့ပန်းစစ်သားတစ်ဦး ဖမ်းဆီးမိပုံကို ရေးသားဖော်ပြခဲ့သည်။

ငပိ(စစ်သား)၊ လစန့်ကြောင်(သေ)စသော ရခိုင်ဘာသာဗန်းစကားအသုံးအနှုန်းဖြင့် “မနေ့က တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ၃၁ ဦးသေပြီး ၄ ယောက် အရှင်ဖမ်းမိကြောင်း” ရေးသားဖော်ပြခဲ့ပြီး ထိုပိုစ့်ကို လူပေါင်း နှစ်ရာကျော်မျှဝေခဲ့သည်။

ဖြန့်ဝေမှုတွင် တိုက်ပွဲဖြစ်ပွားသည်ဟုပြောဆိုထားသော်လည်း မည်သည့်နေရာဟု အတိအကျဖော်ပြထား ခြင်း မရှိပေ။

 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသတင်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) မှ ဩဂုတ် ၁၅ ရက်နေ့တွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းပုံနှင့်တကွ တိုက်ပွဲသတင်းထုတ်ပြန်ထားသည်။ “၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၃ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ရက္ခိုင်ဒေသအတွင်း (၃) နေရာ နှင့် ပလက်ဝဒေသအတွင်း(၁)နေရာ စသည်ဖြင့် စုစုပေါင်း(၄)နေရာတို့၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ သည်” ဟုဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင်ဖော်ပြထားသည့် သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းပုံများမှာ သတင်းတုတွင် ဖြန့်ဝေသည့် ပုံများနှင့် တူညီမှု မရှိချေ။

ယင်းတိုက်ပွဲအကြောင်းကို ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနများဖြစ်သည့် နိရဉ္စရာနှင့် Development Media Group တို့မှလည်း သတင်းတင်ဆက်ထားသည်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက် - https://bit.ly/3QqAHp1 , https://bit.ly/3bZepM0

 

မဇ္စျိမ၏ သတင်းအချက်အလက်စစ်ဆေးသူများမှ သတင်းတုတွင် အသုံးပြုထားသောပုံငါးပုံကို ဓာတ်ပုံ များ စစ်ဆေးရာတွင်အသုံးပြုသည့် Reverse Image Search ဖြင့်ရှာဖွေခဲ့ရာ ထိုလက်နက်ခဲယမ်းပုံများ အနက်မှလေးပုံသည် မတ်လ ၁၃ ရက်နေ့တွင် ထားဝယ်-ထီးခီးလမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသည့် ပုံများ ဖြစ်ကြောင်းတွေ့ရသည်။

ထိုအကြောင်းကို မတ်လ ၁၄ ရက်နေ့တွင် Kaw Thoo Lei Independent Page မှ ဖော်ပြထားပြီး မဇ္ဈိမမှ လည်း သတင်းတင်ဆက်ထားပြီးဖြစ်သည်။

သတင်းလင့် - https://bit.ly/3C5sW3m , https://bit.ly/3bUN8Kw

ကျန်ရှိနေသည့် စစ်သုံ့ပန်းဖမ်းဆီးရမိသည့်ပုံသည် ဧပြီလ ၁၀ ရက် လေးကေ့ကော်မြို့သစ်တိုက်ပွဲတွင် ဖမ်းဆီးမိခဲ့သည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတင်လင်းခိုင်၏ ပုံဖြစ်သည်။

ထိုအကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြန်ကြားရေး သတင်းဌာနဖြစ်သည့် PVTV မှ ထုတ်ပြန်ထားသည်။  သတင်းလင့် - https://bit.ly/3zU8tvE

 

ထို့ကြောင့် လက်ရှိပျံ့နှံ့နေသည့် သြဂုတ်လ ၁၃ ရက်နေ့တိုက်ပွဲတွင် AA မှ သိမ်းဆည်းမိသည့် လက်နက် များဆိုသည့်ပုံများမှာ AA နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲများမှပုံများမဟုတ်ဘဲ ထားဝယ်-ထီးခီးလမ်း တိုက်ပွဲနှင့် လေးကေ့ကော်မြို့သစ်တိုက်ပွဲမှ ပုံများသာဖြစ်သည်။ တိုက်ပွဲဖြစ်ပွားသည့်ဖြစ်စဉ် မှန်သော် လည်း ပုံအမှားများ ဖြစ်သည်။

 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

 

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly