တောင်သာမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

တောင်သာမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

ဩဂုတ်လ ၁၆ ရက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ် သပြေဝကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု Natogyi Regional People Defense Force မှ ယနေ့ သြဂုတ်လ ၁၆ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကံထွန်းသည် ၎င်း၏ သားနှစ်ယောက်ကို စစ်ကောင်စီလက်ဝေခံ ပျူစောထီးလုပ်ခိုင်းကာ ကျေးရွာလူထုများအပေါ် စစ်တပ်ခေါ်ပြီး အာဏာပြခြင်း၊ စစ်ကောင်စီတပ် ထောက်ခံပွဲကို ကျေးရွာလူထု ဆန္ဒမပါဘဲ အတင်းအကျပ် ပြုလုပ်ခိုင်းခြင်း၊ ကျေးရွာ၏ သာရေး၊ နာရေး ကိစ္စများတွင် ၎င်းအား မထောက်ခံသူများအပေါ် အနိုင်ကျင့်ဗိုလ်ကျကာ ခွဲခြားဆက်ဆံခြင်းများ ပြုမူနေခြင်းကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အလားတူ ညောင်ဦးမြို့နယ်၊ ဂန့်ဂေါကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ကြိုးကိုင်ခြယ်လှယ်သူ ပျူရှမ်းလေး (ခ) ရန်နိုင်စိုးကိုလည်း သြဂုတ်လ ၁၁ရက်နေ့က သွားရောက်ပစ်ခတ်ခဲ့ကြောင်း NRPDF တာဝန်ရှိသူထံမှ သိရသည်။

ပျူရှမ်းလေး (ခ) ရန်နိုင်စိုးသည် ကျေးရွာလူထုအပေါ် မီတာခများ အတင်းအဓမ္မကောက်ခံခြင်း၊ ကျေးရွာလူထု၏ နေအိမ်များအား မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခြင်း၊ ကျေးရွာလူထုအပေါ် စစ်တပ်ခေါ်ကာ အာဏာပြခြင်းတို့ကို အကြိမ်ကြိမ် ပြုလုပ်နေခြင်းတို့ကြောင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“ရန်နိုင်စိုးရော ဦးကံထွန်းရောကို နေအိမ်မှာပဲ ဝင်ပစ်ခဲ့တာ ဒီကောင်တွေက အကြောင်းမဲ့ စစ်တပ်ခေါ်ပြီး ပြည်သူတွေ စိတ်ဆင်းရဲစေတာပေါ့ဗျာ။ ကျွန်တော်တို့အနေနဲ့က ခုကာလမှာ အကြမ်းဖက် စစ်ကောင်စီနဲ့ ပေါင်းပြီး ပြည်သူတွေ ဒုက္ခပေးနေတာမျိုးတွေကို လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိဘူး” ဟု NRPDF မှ တာဝန်ရှိသူကပြောသည်။

ထိုသို့ လုပ်ဆောင်မှုများကို Natogyi Regional Defence Force – NRDF ၊ မြေလတ် - PDF ၊ TTA - ပြောက်ကျားတပ် ၊ Seven People Defence Force တို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly