စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကြိမ်ကြိမ်လျစ်လျူရှုခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးပြော

By မိုးသောက်(မဲဆောက်)
16 August 2022
စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကြိမ်ကြိမ်လျစ်လျူရှုခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးပြော

ဩဂုတ် ၁၆

(မဇ္ဈိမ)။ ။ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြစ်ဒဏ်များ ထပ်မံ ချမှတ်ခြင်းနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူများကိုကွပ်မျက်ခြင်းသည် အာဆီယံ ဘုံသဘောတူညီချက် ငါး ချက်ကို လျစ်လျူရှုနေခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံဘက်မှ ပြောဆိုလိုက်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အပ်ဒူလာက ယနေ့ ဩဂုတ် ၁၆ ရက် နေ့နံနက်ပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရေး၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC ) အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ငြိမ်းချမ်းစွာ ပါဝင်ဆွေးနွေးရေး လုပ်ငန်းစဉ်စတင်ရန်လည်း ၎င်းက တောင်းဆိုလိုက်သည်။

ထို့အပြင် မလေးရှားနိုင်ငံအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း သွေးထွက်သံယိုမှုများဖြစ်ပေါ်လာခဲ့သည့် မြန်မာ့အရေးအတွက် အာဆီယံ အရေးပေါ်အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်၌ ကျင်းပခဲ့ ကြသည်။

အဆိုပါအစည်းအဝေးပြီးတွင် မြန်မာ့အရေးဖြေရှင်းရန် အာဆီယံခေါင်းဆောင်များနှင့် အာဏာသိမ်း စစ်ခေါင်းဆောင်တို့အကြား မူငါးချက်ကို သဘောတူညီခဲ့ကြသည်။

အာဆီယံ၏ ဘုံသဘောတူညီမှုငါးချက်မှာ (၁) မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူ အားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ (၂) ပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသည့်အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘောဆွေးနွေးကြရန်၊ (၃) အာဆီယံ အတွင်းရေးမှူးချုပ်၏အကူအညီဖြင့် ဆွေးနွေးရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်နိုင်‌ရန် အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ဦးက ကြားဝင်ညှိနှိုင်းပေးရန်၊ (၄) အာဆီယံအသင်း၏ လူသားချင်း ကူညီပေးမှုဆိုင်ရာ အကူအညီပေးရေးဌာနမှတဆင့် မြန်မာနိုင်ငံကိုအကူအညီများပေးရန်နှင့် (၅) သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရန် အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ရန် စသည်တို့ဖြစ်သည်။

သို့သော် အဆိုပါသဘောတူညီမှုများကို စစ်ကောင်စီဘက်မှ လိုက်နာခြင်းမရှိသည့်အပြင် အရပ်သား ပြည်သူအများအပြားအား သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများကျူးလွန်ခြင်းတို့ကို ဆက်လက်ပြုလုပ်နေ ခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။ Alden

စာမူတည်းဖြတ် ။ ။ စောဖေ

#အာဆီယံ

#ဘုံသဘောတူညီချက်

#မလေးရှားဝန်ကြီး

#စစ်ကောင်စီ

#NUG

#NUCC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required