ပဋိပက္ခဖြစ်ပွားနေရာ မြန်မာနိုင်ငံဆီ ပထမဆုံးအဖြစ် ကုလသမဂ္ဂ အထူးသံတမန် လာရောက် 

ပဋိပက္ခဖြစ်ပွားနေရာ မြန်မာနိုင်ငံဆီ ပထမဆုံးအဖြစ် ကုလသမဂ္ဂ အထူးသံတမန် လာရောက် 

ဩဂုတ် ၁၆

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်သည် အောက်တိုဘာလအတွင်းက ရာထူးတာဝန်ပေးအပ်ခံရပြီးနောက် ပထမဆုံးအဖြစ် အရှေ့တောင်အာရှ မြန်မာနိုင်ငံသို့ အင်္ဂါနေ့ (ဩဂုတ် ၁၆ ရက်) တွင် လာရောက်သည်။ 

ပဋိပက္ခဖြစ်ပွားနေရာ မြန်မာနိုင်တွင် အကြမ်းဖက်မှုများ ပုံစံအားလုံး ချက်ချင်းရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ လက်ခံရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နောက်ဆုံး တိုက်တွန်းထားပြီးနောက်တွင် နိုလင်း ဟေဇာ၏ ခရီးစဉ် လာရောက်ခြင်းလည်း ဖြစ်သည်။ 

ဟေဇာသည် “ယိုယွင်းဆိုးဝါးနေသော အခြေအနေနှင့် လက်ငင်း စိုးရိမ်ပူပန်မှုများအပြင် ၎င်း၏ လုပ်ပိုင်ခွင့်ရှိရာ အခြားသော ဦးစားပေးနယ်ပယ်များကို ကိုင်တွယ်ဖြေရှင်းရေးတွင် ဦးတည်သွားမည်ဖြစ်ကြောင်း” ကုလသမဂ္ဂ ပြောခွင့်ရသူ စတီဖင် ဒူဂျာရစ်က ပြောသည်။ 

ဟေဇာသည် မြန်မာ စစ်အာဏာသိမ်း အုပ်ချုပ်သူများ သို့မဟုတ် ကုလသမဂ္ဂ ရေရှည်တောင်းဆိုနေသည့် အကျဉ်းချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်လားဆိုခြင်းအား ဒူဂျာရစ်က အသေးစိတ် မဆိုပေ။ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီးသည့် ဒေါ်အောင်ဆန်းစုကြည်အား အကျင့်ပျက်ခြစားမှုဖြင့် တနင်္လာနေ့အစောပိုင်းတွင် နောက်ထပ် ခြောက်နှစ် ချမှတ်ခဲ့သည်။ 

ဟေဇာ၏ ခရီးစဉ်တွင် နိုင်ငံရေးနယ်ပယ်၊ အရပ်ဘက်အဖွဲ့အစည်းတို့မှ အဓိပုဂ္ဂိုလ်များအပြင် ဖြစ်ပွားဆဲ ပဋိပက္ခများ၏ ရိုက်ခတ်ခံ အသိုင်းအဝန်းများနှင့်ပါ တွေ့ဆုံသွားမည်ဟု ဒူဂျာရစ်က ဆိုသည်။ 

ပဋိပက္ခ ဖြစ်ပွားနေရာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပုံမှန်ခြေသို့ ပြန်လည်ရောက်ရှိရေးအတွက် အိမ်နီးချင်းနိုင်ငံများ၏ ကြိုးစားအားထုတ်မှုများသည် မကြာသေးခင်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦးအား သေဒဏ်စီရင်လိုက်ခြင်းကြောင့် ပို၍ ခက်ခဲသွားရကြောင်း အရှေ့တောင်အာရှ ဆယ်နိုင်ငံအသင်း အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သော ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ် ဆော့ခွန်းက ယခုလအစောပိုင်းက ပြောထားသည်။ 

နောက်ထပ် ယင်းသို့သော သေဒဏ်ပေးစီရင်မှုများ ဖြစ်လာနိုင်ပြီး အဖွဲ့ဝင် မြန်မာနိုင်ငံနှင့် မည်သို့ ဆက်ဆံသွားမည်ကို ဒေသတွင်း အာဆီယံအဖွဲ့ကြီးအနေဖြင့် စဉ်းစားထားရမည်ဖြစ်ကြောင်းလည်း ၎င်းက သတိပေးသည်။ 

၂၀၂၁ ဖေဖော်ဝါရီလ၌ မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချပြီး အာဏာသိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့်ဆန့်ကျင်ဆန္ဒပြ ပြမှုများကို အကြမ်းဖက် နှိမ်နင်းလာခဲ့သည်။  

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required