ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ PTI ပါတီနှင့် စစ်တပ်အကြား ဆက်ဆံရေး ဆိုးရွားလာ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ PTI ပါတီနှင့် စစ်တပ်အကြား ဆက်ဆံရေး ဆိုးရွားလာ

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီနှင့် စစ်တပ်အကြား ဆက်ဆံရေးသည် ယိုယွင်းလာပြီး အထူးသဖြင့် ပြီးခဲ့သည့် ရက်များအတွင်း ပိုမို ဆိုးရွားလာခဲ့သည်။

မကြာသေးခင်က ပါကစ္စတန်စစ်တပ် တပ်မကြီးတစ်ခု၏ တပ်မှူးတစ်ဦး အပါအဝင် စစ်သား ၆ဦး သေဆုံးခဲ့သည့် စစ်ဘက်ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး PTI ပါတီ၏ လူမှုမီဒီယာက အပျက်သဘောဆောင်သော ကန့်ကွက်လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ပြီးနောက်ပိုင်း စစ်တပ်နှင့် အဆက်အသွယ် သိပ်မရှိသည့် PTI ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့သည် အမျက်ဒေါသထွက်နေသော ဖုန်းခေါ်ဆိုမှုတစ်ချို့ကို လက်ခံရရှိခဲ့ကြောင်း The News International မီဒီယာက ဖော်ပြသည်။

စစ်တပ် မုန်းတီးသော တွစ်တာစာသားများကို PTI ခေါင်းဆောင်အကောင့်နှင့်အတူတွဲပြီး လူမှု မီဒီယာတွင် ဝေမျှမှုများ ရှိခဲ့ပြီးနောက် ပါတီ၏ တရားဝင် တွစ်တာအကောင့်က ထုတ်ပြန်ရာတွင် “ဒီအကောင့်တွေဟာ ပီတီအိုင် ပါတီရဲ့ တရားဝင် ဆိုရှယ်မီဒီယာအဖွဲ့နဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ ကျွန်တော်တို့ဟာ အမုန်းစကား ဖြန့်တဲ့ အကောင့်တွေအပေါ် လုံးဝ သည်းမခံပါဘူး။ နိုင်ငံနဲ့ဆိုင်တဲ့ ဖြစ်ရပ်ဆိုးတွေကို သဘောကွဲလွဲမှုတွေ ဖန်တီးဖို့ အသုံးချတာမျိုးကို လုံးဝ သည်းမခံပါဘူး။ အဲဒီလို အကောင့်တွေကို ပီတီအိုင်တာဝန်ရှိသူတွေက ပိတ်ပင်သွားမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။

သို့သော် အကောင့်တချို့သည် စစ်တပ် ဆန့်ကျင်ရေး တွစ်တာစာသားများကို ဆက်လက် ရေးသားနေသည့် PTI ပါတီထောက်ခံသူများ ဖြစ်ပုံရသည်။ အဆိုပါ ညစ်ပတ်သော ကမ်ပိန်းတွင် ပါတီခေါင်းဆောင်ပိုင်း၏ အခန်းကဏ္ဍ ကို မြင်တွေ့ရခြင်း မရှိခဲ့သော်လည်း ထိုကဲ့သို့ အမုန်းတရားများကို ဖြစ်ပေါ်စေရန် PTI ခေါင်းဆောင်ပိုင်းက ၎င်းတို့အပေါ် ထောက်ခံသူများကို လှုံ့ဆော်ပေးထားခဲ့ပြီး ထို့အတွက်ကြောင့်လည်း ပါတီထောက်ခံသူများ အနေဖြင့် စိတ်တည်ငြိမ်မှု ပျောက်ဆုံးပြီး အကျိုးသင့် အကြောင်းသင့် စဉ်းစားနိုင်ခြင်း မရှိတော့ခြင်း ဖြစ်သည်ကို ညွှန်ပြနေသည်။

ထို့ပြင် ယင်းကဲ့သို့သော ဆိုရှယ်မီဒီယာ ကမ်ပိန်းများအပေါ် PTI ခေါင်းဆောင်ပိုင်းထံမှ ပြစ်တင်ဝေဖန်မှု မရှိခဲ့သလို ကမ်ပိန်းအများစုသည် တွစ်တာနှင့် အခြား ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် အမှန်တကယ် လှုပ်ရှားနေကြောင်း The News International က ဖော်ပြသည်။

PTI ပါတီ ထောက်ခံသူများ၏ စစ်တပ်ဆန့်ကျင်ရေး ကမ်ပိန်းသည် စစ်တပ်အရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များအပေါ် အမှန်တကယ် ထိခိုက်စေခဲ့ပြီး တူညီသော အကြောင်းရင်းကြောင့် သမ္မတ အာရစ်ဖ် အယ်လ်ဗီကိုလည်း အစောပိုင်းနေ့က ရာဝယ်ပင်ဒီ၌ ပြုလုပ်သော စစ်သားများ၏ နာရေးအခမ်းအနားကို တက်ရောက်ခြင်း မပြုရန် ယဉ်ကျေးစွာ အကြံပေးခဲ့သည်။

သို့သော် ကောင်းသည့်အချက်မှာ  PTI ဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းသည် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကွယ်လွန်သွားသည့် ဒုဗိုလ်ချုပ်ကြီး ဆာဖာရာ့ဇ် အလီ၏ မိသားစုထံ ဩဂုတ် ၅ ရက်က သွားရောက်ပြီး ဝမ်းနည်းစကား ပြောခဲ့ခြင်းပင် ဖြစ်သည်။ 

အီမရန်ခန်းသည် ၎င်း၏ အရင်းနှီးဆုံး မိတ်ဆွေများ ကွယ်လွန်မှုအပါအဝင် နာရေးအခမ်းအနားများ တက်ရောက်ခြင်း သို့မဟုတ် ကျန်ရစ်သူ မိသားစုများဆီ သွားရောက်ပြီး ဝမ်းနည်းကြောင်း ပြောဆိုခြင်းတို့ကို ယခင်က ပြုလုပ်လေ့များစွာ မရှိပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required