ယူကရိန်းပဋိပက္ခတွင် အမေရိကန်က အဓိကလှုံ့ဆော်သူဟု တရုတ်ပြော

ယူကရိန်းပဋိပက္ခတွင် အမေရိကန်က အဓိကလှုံ့ဆော်သူဟု တရုတ်ပြော

ယူကရိန်းကို ကျူးကျော်မှုအတွက် အနောက်အုပ်စု၏ ဖယ်ကြဉ်မှုကိုရင်ဆိုင်နေရသော ရုရှား၏ မဟာမိတ် တရုတ်က အမေရိကန်အား ယူကရိန်းပဋိပက္ခ၏ အဓိကလှုံ့ဆော်သူဟု ခေါ်ဝေါ်လိုက်သည်။

ရုရှားဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းဟန်ဟွေးက အမေရိကန်သည် NATO ကာကွယ်ရေးမဟာမိတ်ကို ထပ်တလဲလဲတိုးချဲ့ကာ ရုရှားထက် ဥရောပသမဂ္ဂနှင့် ယူကရိန်းကို ပူးပေါင်းမည့်တပ်ဖွဲ့များကို ထောက်ပံ့ခြင်းဖြင့် ရုရှားအား ကျဉ်းထဲကျပ်ထဲရောက်စေခဲ့သည်ဟု ရုရှားနိုင်ငံပိုင်သတင်းဌာန TASS နှင့် ဩဂုတ် ၁၀ က ထုတ်လွှင့်ခဲ့ သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

"ယူကရိန်းပဋိပက္ခကို အစပြုသူနဲ့ အဓိကလှုံ့ဆော်သူအဖြစ် အမေရိကန်ဟာ  ရုရှားအပေါ် မကြုံစဖူး ကျယ်ကျယ် ပြန့်ပြန့် ပိတ်ဆို့အရေးယူမှုများ ချမှတ်နေပြီးတော့ ယူကရိန်းကို လက်နက်နှင့် စစ်လက်နက်ပစ္စည်းတွေ ဆက်ပြီး ထောက်ပံ့ပေးနေပါတယ်” ဟု ကျန်းက ပြောသည်။

"သူတို့ရဲ့ အဆုံးစွန်ဆုံးပန်းတိုင်က ရှည်ကြာတဲ့စစ်ပွဲနဲ့ ပိတ်ဆို့အရေးယူမှုချမှတ်ပြီး  ရုရှားကို ချေမှုန်းပစ်ဖို့ပါပဲ” ဟု ကျန်းက ဆိုသည်။

ကျန်းက  တရုတ်-ရုရှားဆက်ဆံရေးသည် အပြန်အလှန်ယုံကြည်မှု အမြင့်မားဆုံး၊ အပြန်အလှန်ဆက်သွယ်မှု အဆင့်အမြင့်ဆုံးနှင့် မဟာဗျူဟာမြောက်အရေးပါဆုံးဖြစ်သည့် သမိုင်းတစ်လျှောက် အကောင်းဆုံးအချိန်အခါကို ရောက်ရှိလာပြီဟု ဆိုသည်။

ကျန်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီလာရောက်မှု အပေါ်လည်း ပြစ်တင်ပြောဆိုလိုက်ပြီး အမေရိကန်သည် စစ်အေးတိုက်ပွဲစိတ်ဓာတ်ရှင်သန်လာစေရန်၊ တရုတ်နှင့် ရုရှားပါဝင်လာစေရန်နှင့် အဓိကအင်အားကြီးပြိုင်ဘက်နှင့်ထိပ်တိုက်ရင်ဆိုင်မှုများကို လှုံ့ဆော်ရန် ယူကရိန်းနှင့် ထိုင်ဝမ်တွင် အလားတူ နည်းဗျူဟာများကို ကျင့်သုံးရန် ကြိုးစားနေကြောင်းလည်း ပြောဆိုခဲ့သည်။

ကျန်းက “ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ခြင်းဟာ  ကျွန်တော်တို့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အခြေခံအကျဆုံး နိယာမဖြစ်ပါတယ်” ဟု ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို အပြစ်မတင်ဘဲ အမေရိကန်၏ ထိုင်ဝမ်ဆိုင်ရာမူဝါဒကို ဝေဖန်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly