ဆော်ဒီသံအမတ်ကြီးကို အမေရိကန်မှ အဆိပ်ခပ်ကြောင်း တပ်လော်ဘီများ သတင်းမှားဖြန့်

By ကျော်ကြီး(မဇ္ဈိမ)
15 August 2022
ဆော်ဒီသံအမတ်ကြီးကို အမေရိကန်မှ အဆိပ်ခပ်ကြောင်း တပ်လော်ဘီများ သတင်းမှားဖြန့်

မဇ္ဈိမ(ရန်ကုန်)။ ။ အာရပ်-အာဖရိကညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဆော်ဒီသံအမတ်ကြီး လဲကျ သေဆုံးခြင်းသည် အမေရိကန်များအဆိပ်ခတ်ခြင်းကြောင့်ဟုဆိုသည့်သတင်းများ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များနှင့် ဖေ့ဘုတ်အကောင့်များတွင် ဖော်ပြလျက်ရှိနေသည်။ ယင်းအဆိုပြုချက်မှာ မှားယွင်းနေသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် တယ်လီဂရမ်ရှိ “Ko Thet's News”က “အာရပ်-အာဖရိက ကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားနေတဲ့ ဆော်ဒီသံအမတ်ကြီး စကားပြောနေစဉ် ထူးဆန်းစွာ လဲကျသေဆုံး၊ အမေရိကန် တွေအဆိပ်ခပ်တာဟုလည်း သတင်းတွေထွက်ပေါ်လျက်ရှိ။ ခွေးမျိုး US  သူများနိုင်ငံတွေကို လိုက် ဒုက္ခပေးနေ” (မူရင်းသတ်ပုံအတိုင်း)ဟုရေးသားဖော်ပြထားပြီး ရုပ်သံဖိုင်တစ်ခုနှင့်  ဖြန့်ဝေထားသည်။

ထိုအကြောင်းကို စစ်ကောင်စီ၏ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီး စစ်ကောင်စီကိုထောက်ခံသည့် ဖေ့ဘုတ်အကောင့်များတွင်လည်း ပြန်လည်ဖြန့်ဝေလျက်ရှိနေသည်။

ထိုဗီဒီယိုဖိုင်ကို ဗီဒီယိုများစစ်ဆေးရာတွင်အသုံးပြုသည့် Invid ဖြင့်စစ်ဆေးခဲ့ရာ -  အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် နေထိုင်သည့် ဆော်ဒီစီးပွားရေးသမား မူဟာမက် အယ်လ်ကာတာနီ(Muhammad Al-Qahtani) သည် ဩဂုတ်လ ၁၀ ရက်နေ့က ကိုင်ရိုတွင်ကျင်းပသည့် အာရပ်-အာဖရိက ညီလာခံ၌ မိန့်ခွန်း ပြောနေစဉ် လဲကျပြီးနောက် သေဆုံးသွားခြင်းဖြစ်ကြောင်း New York Post သတင်းဌာနက ဖော်ပြထား သည်။ သတင်းလင့် - https://bit.ly/3C69Eux

လက်ရှိ အီဂျစ်နိုင်ငံဆိုင်ရာဆော်ဒီအာရေးဗီးယားသံအမတ်ကြီး Osama Naqli မှလည်း ပျံ့နှံ့နေသည့် ရုပ်သံဖိုင်တွင်ပါဝင်သောပုဂ္ဂိုလ်သည် ဆော်ဒီသံအမတ် သို့မဟုတ် သံတမန်များထဲမှ တစ်ဦးမဟုတ်ဘဲ စီးပွားရေးသမားဖြစ်ကြောင်း 24News သတင်းဌာနသို့ဖြေဆိုထားသည်။ သတင်းလင့် -  https://bit.ly/3JUU46Y

အလားတူ သေဆုံးသူကို သံအမတ်ကြီးအဖြစ် ပုံဖော်သည့် သတင်းတုများ အခြားနိုင်ငံတွင်လည်း ပျံ့နှံ့ခဲ့ပြီး အဆိုပါသတင်းမှားနှင့်ပတ်သတ်၍ အာရပ်အခြေစိုက် Fact Check အဖွဲ့အစည်းတစ်ခုဖြစ်သည့် Misbar မှ သေဆုံးသူသည် သံအမတ်မဟုတ်ပဲ စီးပွားရေးသမားတစ်ဦးသာ ဖြစ်ကြောင်း အချက်အလက် စစ်ဆေး ထားသည်။ သတင်းလင့် - https://bit.ly/3dwOMCH

သတင်းမှားတွင်ဖော်ပြထားသကဲ့သို့ ဆော်ဒီသံအမတ်ကြီးမဟုတ်ဘဲ ဆော်ဒီစီးပွားရေးသမား မူဟာမက် အယ်လ်ကာတာနီ(Muhammad Al-Qahtani) သာဖြစ်သည်။   ၎င်းသည် ကျော်ကြားသော ဆော်ဒီ အာရေးဗီးယား စီးပွားရေးသမားဖြစ်ပြီး Al-Salam Holding Company ၏ ပိုင်ရှင်ဖြစ်သည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သတင်းတုတွင်ရေးသားသကဲ့သို့ အဆိပ်ခတ်ခံရသည်ဟု မည်သည့်နိုင်ငံ တကာမီဒီယာတွင်မျှ ဖော်ပြထားခြင်း မရှိပေ။ ထို့ပြင် ခွဲစိတ်စမ်းသပ်မှုကိုလည်း သတင်းထုတ်ပြန် ထား ခြင်းမရှိသေးချေ။

အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ - UAE အခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့် Gulf News တွင်မူ အယ်လ်ကာတာနီသေဆုံးရသည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း နှလုံးရောဂါ ကြောင့်ဖြစ်ပုံရကြောင်း ဖော်ပြသည်။ အဆိုပါသတင်းလင့်ကို အောက်တွင်ဖတ်ရှုနိုင်သည်။ https://bit.ly/3dxHe2v

ထို့ကြောင့် စစ်ကောင်စီမှဝါဒဖြန့်နေသကဲ့သို့ ဆော်ဒီသံအမတ်ကြီးကို အမေရိကန်ကအဆိပ်ခပ်ဟု ဆိုသည်မှာ   မှားယွင်းနေသည့်အပြင် သေဆုံးသူမှာလည်း ဆော်ဒီစီးပွားရေးလုပ်ငန်းရှင် တစ်ဦးသာ ဖြစ် သည်။ အမှန်တကယ်ဖြစ်ပျက်သည့်  ဆော်ဒီစီးပွားရေးလုပ်ငန်းရှင်တစ်ဦး သေဆုံးခြင်းအပေါ်အခြေပြု၍ အချက်အလက်များကို လွဲမှားဖော်ပြထားသည့် သတင်းတုသာဖြစ် သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required