ပါကစ္စတန် ဒါဆု ရေအားလျှပ်စစ်စီမံကိန်းတွင် သတ်မှတ်ကုန်ကျစရိတ်ထက် ကျော်လွန်နေ

By The print
15 August 2022
ပါကစ္စတန် ဒါဆု ရေအားလျှပ်စစ်စီမံကိန်းတွင် သတ်မှတ်ကုန်ကျစရိတ်ထက် ကျော်လွန်နေ

ပါကစ္စတန်နိုင်ငံ၏ အရေးအကြီးဆုံး စီမံကိန်းတစ်ခုဖြစ်သလို ရေအားလျှပ်စစ် ၂၁၆၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်မည့် ဒါဆု စီမံကိန်းသည် ယခုအခါ ၃ နှစ်ခန့် နှောင့်နှေးကြန့်ကြာခဲ့ရသလို ရူပီး ၁၀၀ ဘီလီယံအထိ ရှိသည့် ကုန်ကျစရိတ် ကျော်လွန်မှုနှင့်ပါ ရင်ဆိုင်နေရသည်။

မူလက ၂၀၂၃-၂၄ ခုနှစ်တွင် ပြီးစီးရန် ရက်သတ်မှတ်ထားခဲ့သည့် ဒါဆု ရေအားလျှပ်စစ် စီမံကိန်းသည် ယခုအခါ ၂၀၂၆-၂၇ ခုနှစ်တွင်သာ လုပ်ငန်းအပ်နှံနိုင်တော့မည် ဖြစ်ကြောင်း ပါကစ္စတန် ရေနှင့် လျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (WAPDA) ၏ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို The News International က ဖော်ပြသည်။

ယမန်နှစ် ဇူလိုင်လက တရုတ် ကန်ထရိုက်တာ ဝန်ထမ်းများ၏ ဘတ်စ်ကားတစ်စီး အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ် ဖြစ်ပွားမှုကြောင့် စီမံကိန်းလုပ်ငန်းများကို ၄လနီးပါးကြာ လုံးဝ ဆိုင်းငံ့ထားခဲ့ရကြောင်း WAPDA ၏ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

စီမံကိန်း လုပ်ငန်းများကို ၂၀၂၁ အောက်တိုဘာ ၂၅ ရက်တွင် ပြန်စခဲ့သော်လည်း အဆင့်လိုက် သွားသည့် ပုံစံဖြင့်သာ ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။ ယခုအခါ စီမံကိန်းလုပ်ငန်းများက ၂၀၂၂ ပထမနှစ်ဝက်အတွင်း အပြည့်အဝ အရှိန်ရလိမ့်မည်ဟု မျှော်လင့်ရကြောင်း သတင်းတွင် ဖော်ပြသည်။

“မြေ ရယူမှုပိုင်းမှာ မအောင်မမြင် ဖြစ်ခဲ့တာ၊ ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားတာနဲ့ ပရောဂျက်ဆိုဒ်မှာ အလုပ်လုပ်နေတဲ့ တရုတ်အရာရှိတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကား အကြမ်းဖက်တိုက်ခိုက်ခံရမှုတို့ကြောင့် ဒီစီမံကိန်းကို ၃နှစ်လောက် နှောင့်နှေးစေခဲ့ပါတယ်” ဟု WAPDA အရာရှိက ပြောသည်။

ပါကစ္စတန်၏ ရေအရင်းအမြစ် ဝန်ကြီးဌာနက စီမံကိန်း၏ တိုးတက်ဖြစ်ပေါ်မှုအခြေအနေကို ပါကစ္စတန် သတင်းစာတွင် အတည်ပြုခဲ့ပြီး စီမံကိန်းသည် ၃နှစ် နှောင့်နှေးခဲ့ရကြောင်း ပြောသည်။

“ရေအရင်းအမြစ် ဝန်ကြီးဌာနနဲ့ Wapda တို့အနေနဲ့ ဗဟို ဖွံ့ဖြိုးတိုးတက်ရေး အလုပ်လုပ်ကိုင်မှုအဖွဲ့ နဲ့ အမျိုးသား စီးပွားရေးကောင်စီ အမှုဆောင်ကော်မတီတို့ဆီက အတည်ပြုချက်ရဖို့ သတ်မှတ်ချက်ထက် ကုန်ကျစရိတ် ကျော်လွန်မှုနဲ့ပတ်သက်တဲ့ ပရောဂျက်ရဲ့ ပြန်လည် ပြင်ဆင်ထားတဲ့ စီမံကိန်းရေးဆွဲမှု ကော်မရှင် ဖောင်ကို စီမံကိန်းရေးဆွဲမှု ကော်မရှင်ထံ မကြာခင် တင်သွင်းသွားပါမယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စီမံကိန်းကို ကုန်ကျစရိတ် ပါကစ္စတန်ရူပီး ၅၈၆ ဘီလီယံဖြင့် ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required