စစ်ဒဏ်ခံနေရသည့် ယူကရိန်းသို့ အိန္ဒိယက အကူအညီများ အမြန်ပေးမည်

By ANI
15 August 2022
စစ်ဒဏ်ခံနေရသည့် ယူကရိန်းသို့ အိန္ဒိယက အကူအညီများ အမြန်ပေးမည်
Photo: EPA

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရိုကူလီဘာတို့သည် ဩဂုတ် ၈ ရက်က ဆွေးနွေးပြောဆိုခဲ့ရာတွင် အိန္ဒိယမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နောက်ထပ် ပေးပို့မည့် အကူအညီများ ယူကရိန်းသို့ မကြာမီ ရောက်ရှိမည်ဟု ပြောကြားခဲ့သည်။

ယူကရိန်းတွင်း လက်ရှိဖြစ်ပွားနေသည့်အခြေအနေများနှင့် ကမ္ဘာ့နိုင်ငံများအပေါ် သက်ရောက်မှုများကိုလည်း နှစ်နိုင်ငံဝန်ကြီးများက ဆွေးနွေးခဲ့ကြသည်။

ယူကရိန်းတွင် စစ်ပွဲစတင် ဖြစ်ပွားချိန်မှစ၍ ရန်လိုတိုက်ခိုက်မှုများကို ချက်ခြင်းရပ်တန့်ရန်နှင့် အကြမ်းဖက်တိုက် ခိုက်မှုများကို အဆုံးသတ်ရန် အိန္ဒိယက စဉ်ဆက်မပြတ် တောင်းဆိုခဲ့သည်။ ရုရှားနှင့် ယူကရိန်း နှစ်ဘက်စလုံး အနေဖြင့် သံတမန်လမ်းကြောင်းနှင့် ဆွေးနွေးမှု လမ်းကြောင်းသို့ ပြန်သွားရန်လည်း အိန္ဒိယက တောင်းဆိုခဲ့သည်။ တိုက်ခိုက်မှုများ အဆုံးသတ်ရန် သံတမန်နည်းလမ်းဖြင့် လုပ်ဆောင်မှုအားလုံးကို ထောက်ခံကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယူကရိန်းရှိ အိန္ဒိယသံရုံးကို မတ် ၁၃ ရက်က ဝါဆောမြို့သို့ ရွှေ့ပြောင်းခဲ့သည်။ အဆိုပါ သံရုံးကို မေ ၁၇ ရက်မှစတင်ကာ လိုအပ်ချက်နှင့်အညီ ဝန်ထမ်းအင်အားကို လျှော့ချခဲ့သော်လည်း လုပ်ငန်းများ အပြည့်အဝ ပြန်လည်စတင်ခဲ့သည်။

မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများနှင့် ဆေးပစ္စည်းများပါဝင်သော လူသားချင်း စာနာထောက်ပံ့မှုဆိုင်ရာ အကူအညီ ၇၇၂၅ ကီလိုဂရမ်ကို အိန္ဒိယက ယူကရိန်းသို့ မေလက ပေးပို့ခဲ့သည်။

ပထမဆုံးအသုတ် လူသားချင်း စာနာထောက်ထားမှု အကူအညီကို မတ် ၁ ရက်က ပေးပို့ခဲ့ခြင်းဖြစ်သည်။ အလေးချိန် ၂ တန်ခန့်ရှိသည့် အဆိုပါပေးပို့မှုတွင် ရွက်ဖျင်တဲများ၊ စောင်များ၊ ခွဲခန်းသုံး လက်အိပ်များ၊ မျက်လုံးအကာများ၊ ရေသိုလှောင်ကန်များ၊ အိပ်ရာခင်းဖျာများ၊ တာပေါ်လင်၊ ဆေးများနှင့် အခြား လိုအပ်သည့် ပစ္စည်းများ ပါဝင်ခဲ့သည်။

ဒုတိအသုတ်အကူအညီများကို ရိုမေးနီးယားနိုင်ငံမှတစ်ဆင့် လွှဲပြောင်း ပေးပို့ခဲ့ခြင်းဖြစ်သည်။

မတ်လအတွင်းကလည်း ပေးပို့ခဲ့သည့် အကူအညီ တန်ချိန် ၉၀ ပေးပို့ခဲ့ပြီး ဆေးဝါးများ ပိုမိုပေးပို့နိုင်ရန် အိန္ဒိယက စီစဉ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly