အင်းတော်-ကျောင်းကုန်းလမ်းပိုင်းတွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီထုတ်ကုန်ဘီယာများကို အင်းတော် PDF ဖျက်ဆီး

အင်းတော်-ကျောင်းကုန်းလမ်းပိုင်းတွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီထုတ်ကုန်ဘီယာများကို အင်းတော် PDF ဖျက်ဆီး

ဩဂုတ်လ ၁၅ ရက်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အင်းတော်-ကျောင်းကုန်းလမ်းပိုင်းတွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Andaman Gold ဘီယာများကို ဖျက်ဆီးခဲ့ကြောင်း Indaw Revolution(IR) မှ သြဂုတ်လ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

မန္တလေးမှ အင်းတော်ဘက်သို့ ခြောက်ဘီးကားဖြင့် တင်ဆောင်လာသည့် မြန်မာဘီယာ ၁၈၀ ဖာ၊ Andaman Gold ၁၂ ဖာနှင့် ဒဂုံဘီယာများအား သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ဒေသကာကွယ်ရေးအဖွဲ့များမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

“ယာဉ်မောင်းတွေကို‌တော့ စစ်တပ်ပိုင်ပစ္စည်းတွေကိုထပ်မသယ်ဖို့ သတိပေးပြီး ပြန်လွတ်လိုက်ပါတယ်။ ထပ်ပြီးသယ်ရင်တော့ ကားတွေသိမ်းတဲ့ အထိလုပ်မှာပါ”ဟု အင်းတော်ဒေသကာကွယ်ရေးအဖွဲ့ တာဝန် ရှိသူက ပြောသည်။

အင်းတော်ဒေသကာကွယ်ရေးအဖွဲ့နှင့်ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ပူးပေါင်းက အင်းတော် -ကျောင်းကုန်းလမ်းပိုင်းအတွင်း စစ်ဆေးနေစဉ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များအနေဖြင့် ကျောင်းကုန်း-အင်းတော်-မော်လူးလမ်းပိုင်းအား သြဂုတ်လ ၉ ရက်နေ့မှစ၍ ည ၇ နာရီ မှ နံနက် ၅ နာရီ အတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါရန် အင်းတော်-PDF မှ အသိပေးထားသည်။

လူနာတင်ယာဉ်များအနေဖြင့် အရေးပေါ်ဖြတ်သန်းသွားလာချင်လျှင် Indaw Revolution-IR page (သို့) သက်ဆိုင်ရာအဖွဲ့စည်းသို့ အသိပေးပြီးမှသာလျှင် အရှိန်လျှော့မောင်းကာ ဖြတ်သန်းသွားလာရမည်ဖြစ် ကြောင်း၊ စစ်ဆေးမေးမြန်းပါကလည်း အစစ်ဆေးခံနိုင်ရမည်ဖြစ်ကြောင်း အင်းတော်-PDF မှ မေတ္တာ ရပ်ခံထားသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly