ယမ်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သည့် CRA ရဲဘော် ၄ ဦး ဆေးရုံဆင်းကာ ဆက်လက်တာဝန် ထမ်းဆောင်

ယမ်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သည့် CRA ရဲဘော် ၄ ဦး ဆေးရုံဆင်းကာ ဆက်လက်တာဝန် ထမ်းဆောင်

ကော်သူးလေ (မဇ္ဈိမ)။      ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အရှေ့ပိုင်းခြေစိုက် Chaung U Revolution Army တပ်ခွဲ(၂)မှ ယမ်းမတော်တဆပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာရခဲ့သည့် ရဲဘော်လေးဦး ဆေးရုံမှဆင်းကာ ပြန်လည်တာဝန်ထမ်းဆောင်နေကြပြီဖြစ်သည်။

အဆိုပါ လေးဦးမှာ ဇွန်လ ၁၂ ရက်နေ့က လက်လုပ်မိုင်းအတွက် ယမ်းချက်စဥ် မတော်တဆမှုဖြစ်ကာ ပေါက်ကွဲသဖြင့် မီးလောင်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သောကြောင့် နွေဦးရောင်နီဆေးအဖွဲ့က ပြုစုကုသမှု ပေးခဲ့သည်။

“တဲထဲမှာ ကလေးခြောက်ယောက်ရှိပေမယ့် လေးယောက်ထိတယ်။ နှစ်ယောက်က ရင်ဘတ်တွေရော ကျောတွေရော ပေါင်တွေရော ထိတယ်။ တစ်ယောက်က တော်တော်ဆိုးတယ် ခေါင်းတွေ မျက်နှာတွေပါ အကုန်မှန်တယ်၊ ရင်ဘတ်နဲ့ ကျောတွေလည်း ပါတယ်။ နောက်တစ်ယောက်ကတော့ ခြေထောက်တွေမှာ မီးလောင်ဒဏ်ရာ တွေရတယ်” ဟု အဖွဲ့တာဝန်ခံ ကိုရဲနောင်က ပြောသည်။

 

ထို လေးဦးအနက် အသက် ၁၇ နှစ်အရွယ် ထောက်ပို့တပ်သား မောင်ငြိမ်းမှာ ဆေးရုံတက်ပြီး တစ်ပတ်ခန့် အကြာတွင်ပင် ဆေးရုံဆင်းခွင့်ရရှိခဲ့သည်။

Chaung U Revolution Army လက်နက်ထုတ်လုပ်ရေးတာဝန်ခံ ကိုလင်းပြည့်စုံမှာလည်း လွန်ခဲ့သည့် တစ်လဝန်းကျင်က ဆေးရုံဆင်းခွင့်ထပ်မံရရှိခဲ့သည်။ ၎င်းမှာ ကိုယ်တစ်ခြမ်းလုံး မီးလောင်ဒဏ်ရာ ရရှိခဲ့ သော်လည်း ပြန်လည်သက်သာနေပြီဖြစ်ပြီး စခန်းတွင်းရှိ လက်နက်ထုတ်လုပ်ရေးပိုင်းတွင် တာဝန် ပြန်လည်ထမ်းဆောင်လျှက်ရှိကြောင်း သိရသည်။

“သူက ဆေးရုံကဆင်းတော့ မနားချင်ဘူး အလုပ်ပဲလုပ်ချင်တယ်ဆိုတော့ အခုတောက်လျှောက်တော့ လုပ်နေတယ်။ သူက ခု ၄၀ မမ ခြောက်လက်ထုတ်ပြီးသွားပြီ။ နောက်တစ်ခုကတော့ သူ ဒီဇိုင်းဆွဲပြီး ပြန်စိစစ်နေတယ်”ဟု CRA အဖွဲ့တာဝန်ခံ ကိုရဲနောင်က ပြောသည်။

ဒဏ်ရာအပြင်းထန်ဆုံးဖြစ်သည့် ရဲဘော်ကိုဖိုးချစ်နှင့် ကိုခန့်တို့မှာမူ လွန်ခဲ့သည့် နှစ်ပတ်ဝန်းကျင်က ဆေးရုံဆင်းခဲ့ပြီး လက်ရှိလုံခြုံစိတ်ချရသည့်နေရာတွင် အနားယူလျှက်ရှိသည်။ မကြာမှီ ၎င်းတို့နှစ်ဦး လည်း တပ်ဖွဲ့တွင်း တာဝန်ဆက်လက်ထမ်းဆောင်တော့မည်ဖြစ်ကြောင်း အသိပေးထားသည်။

“နှစ်ယောက်က တော်တော်ထိတယ်ဗျ။ တစ်ယောက်ကကြတော့ မျက်နှာကို မီးလောင်ဒဏ်ရာနဲ့ထိတာ။ တစ်ယောက်က စခန်းထဲကနေ ထွက်ရင်း မျက်နှာကို တန်းအစွန်းနဲ့တိုက်မိပြီး ကွဲထွက်သွားတာ။ ခုသူတို့လည်း တော်တော်တော့ အဆင်ပြေနေပြီဗျ။ သူတို့နှစ်ယောက်ကလည်း တစ်လပြည့်သွားရင် စခန်းကို ပြန်လာပြီး ပြန်ပါဝင်ပါမယ်။ ခုတော့ တစ်လ ခွင့်ပေးထားတယ်။ အားလုံး အပေါ်ယံ ထိခိုက်မှု တွေပဲ ရှိတော့တယ်။ ကိုယ်လက်အင်္ဂါ ထိခိုက်ချို့တဲ့သွားတာမျိုးတော့ မရှိဘူးဗျ”ဟု CRA တာဝန်ခံက ဆက်ပြောသည်။

အညာဒေသတွင် စစ်ကောင်စီတပ်သားများနှင့် ရင်ဆိုင်တိုက်ပွဲဝင်ရန် ကိုယ်ထူကိုယ်ထ လက်လုပ် လက်နက်များ စမ်းသပ်တီထွင်ကာ ကိုယ်တိုင်ယမ်းချက်၊ မိုင်းထုတ်လုပ်ရင်း တော်လှန်နေကြသော်လည်း မူလကတည်းက နည်းပညာကျွမ်းကျင်သူများမဟုတ်သည့်အတွက် ယခုလို ထိခိုက်ဒဏ်ရာရမှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။

 

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required