ပါကစ္စတန်တွင် အဟ်မဒီယာ လူမျိုးစုများအပေါ် အပေါ် နှိပ်ကွပ်မှုများ ဆက်လက်ဖြစ်ပေါ်နေ

ပါကစ္စတန်တွင် အဟ်မဒီယာ လူမျိုးစုများအပေါ် အပေါ် နှိပ်ကွပ်မှုများ ဆက်လက်ဖြစ်ပေါ်နေ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် အဟ်မဒီယာ လူမျိုးစုများအပေါ် ဖိစီးနှိပ်ကွပ်မှု ပြဿနာ ပြန်လည်ပေါ်ထွက်လာခဲ့ရာတွင် ၎င်းတို့အား  ပြည်နယ်အတွင်းရှိ ခူရှားဘ်မြို့မှ နှင်ထုတ်ရန်နှင့်  ချန်နက်ဘ် နာဂါမြို့ရှိ ဘာသာရေးနေရာတွင် ပိတ်ပင်ကန့်သတ်မှုများ လုပ်ဆောင်ကာ လုံခြုံရေးပေးထားခြင်းကို ရုပ်သိမ်းရန် ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်-Quaid (PML-Q) ၏ ပန်ဂျပ်ပြည်နယ်ဆိုင်ရာ ဒုဥက္ကဋ္ဌ မာလစ် အီယက်စ် အာဝမ်က တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်က ခူရှားဘ်မြို့ အုပ်ချုပ်ရေးမှူးထံသို့ အာဝမ် ပေးပို့ခဲ့သည့် တောင်းဆိုလွှာတွင်  အဟ်မဒီယာများကို လုံခြုံရေး ပေးခြင်းက ပါကစ္စတန် ဖွဲ့စည်းပုံအခြေခံဥပဒေကို လှောင်ပြောင်ခြင်း ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လုံခြုံရေး ပံ့ပိုးခြင်းကို ရပ်ဆိုင်းရလိမ့်မည် ဖြစ်ကြောင်း ရေးသားခဲ့သည်ဟု ပြည်တွင်း မီဒီယာက ဖော်ပြသည်။

“အဟ်မဒီယာတွေ ပါကစ္စတန် အစ္စလမ္မစ်နိုင်ငံမှာ လွတ်လပ်စွာ ဝတ်ပြုဆုတောင်းလို့ မရစေနိုင်အောင် ဖြစ်စေဖို့ ပန်ကြားပါတယ်။ ဘူတို ရှားဟိဒ် အစိုးရလက်ထက်မှာဆိုရင် သဘောတူညီချက်တစ်ခုအရ ချန်နက်ဘ် နာဂါမှာ ရှိတဲ့ ဧရိယာတစ်ခုမှာ အချိန်သတ်မှတ်ချက်တစ်ခုနဲ့ သူတို့ကို ခွင့်ပြုပေးထားခဲ့တာပါ။ သူတို့ဟာ ဒီဧရိယာရဲ့ ပြင်ပမှာ ဝတ်ပြုလို့ မရနိုင်ပါဘူး” ဟု အာဝမ်က ရေးသားထားသည်။

အဟ်မဒီယာ လူမျိုးများရှိနေသည့် အခြားသော နိုင်ငံအများစုထက် ပါကစ္စတန်သည် အဆိုပါ အဟ်မဒီယာ လူမျိုးစုနှင့် အဆိုပါအုပ်စု၏ အစ္စလမ်ဘာသာနှင့်ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုမှုကို ပိုမို ကြောက်စိတ် လွန်ကဲသည်။

ပါကစ္စတန်တွင် အဟ်မဒီယာလူမျိုးများအရေအတွက်  ၄ သန်းခန့် ရှိသော်လည်း နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၁၉၇၄ ခုနှစ်နောက်ပိုင်း အဆိုပါ လူမျိုးတို့ သည် ၎င်းတို့အား မွတ်စလင်များအဖြစ် ခေါ်ဆိုရန် တားမြစ်ခံထားရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းတို့ကို မိစ္ဆာဒိဋ္ဌိများအဖြစ် သတ်မှတ်ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly