လွိုင်ကော်မြို့၊ ဆိုလျားကူးကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ

လွိုင်ကော်မြို့၊ ဆိုလျားကူးကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ

ဩဂုတ် ၁၃

မဇ္ဈိမ ။ ။ ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ဆိုလျားကူးကျေးရွာနှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီက စစ်ကြောင်းသုံး ကြောင်း၊ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ်နေကြောင်း လွိုင်ကော် PDF က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၉ ရက်မှစတင်ကာ ယနေ့ သြဂုတ်လ ၁၂ ရက်အထိ အဆိုပါစစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်မြေပြင်ရှိ ရဲဘော်တစ်ဦး၏ ပြောဆိုချက်အရ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်သော်လည်း အခြားထိခိုက်၊ သေဆုံးမှုအရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း လွိုင်ကော် PDF က ဆိုသည်။

ထို့အပြင် တိုက်ပွဲအတွင်း လွိုင်ကော် PDF မှ မောင်စီနီးလို အသက်(၁၉) နှစ်ကျဆုံးခဲ့ရပြီး အခြားရဲဘော်နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

လွိုင်ကော် PDF ၏ထုတ်ပြန်ချက်တွင် အရေးတော်ပုံအောင်သည်ထိ ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကို မြင့်မြတ်စွာကျဆုံးခဲ့ရသည့် ရဲဘော်စီနီးလိုအား တိုင်တည်ကာ ပြည်သူများကို အသိပေးထားသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် လွိုင်ကော် PDF၊ KA၊ KNDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး၊ တပ်ရင်း (၁၁၀၁)၊ ဒီမော့ဆို PDF၊ တပ်ရင်း (၁၁၀၇)၊ မိုးဗြဲ PDF၊ KRU နှင့် KGZ စသည့်မဟာမိတ်ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

စာတည်း။ ။ Alden

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

#လွိုင်ကော်_PDF

#ဆိုလျားကူးကျေးရွာ

#စစ်ကြောင်းထိုး

#တိုက်ပွဲ

#မောင်စီနီးလို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly