ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှု ၁၄ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

By The News International
11 August 2022
ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှု ၁၄ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လက နိုင်ငံသုံးရူပီးငွေတန်ဖိုးကျဆင်းပြီး အစားအစာဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်မှုနှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်းက ၁၄ နှစ်တာအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ကြောင်း ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းအချက်အလက်များက ဖော်ပြသည်။

စားသုံးသူ ဈေးဆနှုန်း (CPI) ဖြင့် တိုင်းတာသည့် ငွေကြေးဖောင်းပွမှုနှုန်းက ယခုနှစ် ဇူလိုင်လတွင် ၂၄ ဒသမ ၉၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ၏ ၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့မှုနှင့် နှိုင်းယှဉ်ကြည့်နိုင်ကြောင်း ပါကစ္စတန် စာရင်းအင်းဗျူရိုက ထုတ်ပြန်သည့် ဒေတာအချက်အလက်များက ဖော်ပြသည်။

ထို့ပြင် အဆိုပါ ငွေကြေးဖောင်းပွမှုနှုန်းကို ဇွန်လက ၂၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့မှုနှင့်လည်း နှိုင်းယှဉ်ထားပြီး ယခု အဆင့်ကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဩဂုတ်လက နောက်ဆုံး မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

တစ်လထက်တစ်လ အခြေခံအားဖြင့် CPI အခြေပြု ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ ဇူလိုင်လတွင် ၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာတွင် အစောပိုင်းလက ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်မှု၊ ၂၀၂၁ ခုနှစ် ဇူလိုင်လက ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်မှုနှင့် နှိုင်းယှဉ်နိုင်သည်။

 ပြီးခဲ့သည့် ဆယ်စုနှစ် တစ်စုကျော်အကြာ ၂၀၀၉ ဘဏ္ဍာနှစ်ကာလအတွင်း ပါကစ္စတန်သည် တည်ငြိမ်မှု မရှိဘဲ မြင့်မားသော ငွေကြေးဖောင်းပွမှုကို တွေ့ကြုံခဲ့ရသည်။ ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် CPI ငွေကြေးဖောင်းပွမှုနှုန်းက ၂၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ပြီး ထို့နောက် အလားတူနှစ်၏ ဩဂုတ်လတွင် ငွေကြေးဖောင်းပွမှုနှုန်းက ၂၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ယခုနှစ် ၂၀၂၂ ဇူလိုင်လတွင် အဆိုပါ အဆင့်သို့ တစ်ဖန် ရောက်ရှိခဲ့ခြင်း  ဖြစ်သည်။  
 
ပါကစ္စတန်အစိုးရသည် ချေးငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကို ရယူနိုင်ရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ထံ ပေးအပ်ထားသည့် ကတိကဝတ်တစ်ရပ်အောက်တွင် ထောက်ပံ့ကြေးများကို ဖယ်ရှားကာ စွမ်းအင်ဈေးနှုန်းများကို အတက်ဘက်တွင် ဆက်ရှိစေခြင်းနှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်းက ဆက်လက် မြင့်တက်နေလိမ့်မည် ဖြစ်ကြောင်း Spectrum Securities Ltd ၏ သုတေသနဌာန အကြီးအကဲ အဗ္ဘဒူလ် အာဇင်းမ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly