စင်ကာပူအခြေစိုက် ကုမ္ပဏီ ၃၈ ခုက မြန်မာစစ်တပ်ကို ထောက်ပံ့နေဟု Justice For Myanmar အဖွဲ့ ထုတ်ပြန် 

စင်ကာပူအခြေစိုက် ကုမ္ပဏီ ၃၈ ခုက မြန်မာစစ်တပ်ကို ထောက်ပံ့နေဟု Justice For Myanmar အဖွဲ့ ထုတ်ပြန် 

ဩဂုတ်လ ၁၂ ရက်

မြန်မာစစ်တပ်အား ဆက်လက်ထောက်ပံ့နေကာ လက်နက်ပွဲစား လုပ်ဆောင်မှုများတွင် စင်ကာပူကုမ္ပဏီများလည်း ပါဝင်နေပြီး ပြီးခဲ့သည့်နှစ် အာဏာသိမ်းမှုနောက်ပိုင်း၌ မြန်မာစစ်တပ် ကျူးလွန်သော ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများတွင် “ကြံရာပါ” ဖြစ်နေကြောင်း Justice For Myanmar (JFM) ၏ ထုတ်ပြန်ချက်က ဆိုထားသည်။ 

မြန်မာစစ်တပ်သို့ လက်နက်နှင့် ပစ္စည်း ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့နေသော ကုမ္ပဏီပေါင်း ၁၁၆ ခု ရှိသည်ဟု ပြည်တွင်းအခြေစိုက် JFM အဖွဲ့၏ ဩဂုတ် ၁၁ ရက် ထုတ်ပြန်ချက်၌ ဆိုသည်။ အဆိုပါ ကုမ္ပဏီများထဲတွင် ကုမ္ပဏီ ၃၁ ခုသည် ၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်းမှ စစ်တပ်နှင့် အတူ လုပ်ဆောင်လာခြင်းဖြစ်သည်။ အခြားသော ကုမ္ပဏီ ၂၇ ခုမှာ နိုင်ငံအနောက်ပိုင်း၌ ရိုဟင်ဂျာများအား စွပ်စွဲထားသည့် လူမျိုးတုံးသတ်ဖြတ်မှုအရာမြောက်သည့် အကြမ်းဖက်မှုများ စစ်တပ်က ကျူးလွန်သည့် ၂၀၁၇ ခုနှစ်ကစပြီး ရောက်ရှိလုပ်ကိုင်နေခြင်း ဖြစ်သည်။ 

ယခု အစီရင်ခံစာ ထုတ်ပြန်ချက်သည် ကာကွယ်ရေးဝန်ကြီးဌာန၏ ဝယ်ယူရေးဌာနမှ ပေါက်ကြားသော မှတ်တမ်းမှတ်ရာများအပြင် လုပ်ငန်းသတင်းရင်းမြစ်နှင့် အွန်လိုင်းပေါ်မှ ရနိုင်သော အခြားသော သတင်းအချက်အလက်များကို အခြေခံကြောင်း JFM က ဆိုသည်။ 

စစ်တပ်ကို ထောက်ပံ့နေသော မြန်မာအခြေစိုက် ကုမ္ပဏီ ၇၈ ခုစလုံးသည် စင်ကာပူရှိ အနည်းဆုံး ကုမ္ပဏီ ၃၈ ခုနှင့် လက်ခွဲကုမ္ပဏီများ သို့မဟုတ် စပ်တူကုမ္ပဏီများ ဖြစ်ကြသည်။ စင်ကာပူနိုင်ငံသည် ကမ်းလွန်ကုန်သွယ်ရေး အချက်အခြာ နိုင်ငံအဖြစ် သာမက မြန်မာစစ်တပ်နှင့် မိတ်ဖက် ခရိုနီများ၊ စီးပွားရေးသမားများ၏ ဘဏ္ဍာရေးအာမခံ ခိုလှုံရာလည်းပဲ ဖြစ်သည်။ ယင်းကုမ္ပဏီများမှ တစ်ခုမှာ Venture Sky International Ltd ကုမ္ပဏီဖြစ်ပြီး မြန်မာလေတပ်ထံ လေယာဉ်အပိုပစ္စည်းများ တင်သွင်းရန်အတွက် ၂၀၁၆ တစ်နှစ်တည်းမှာပင် စာချုပ်ပေါင်း အနည်းဆုံး ၁၂ ခု ချုပ်ဆိုခဲ့သည်။ နောက်ထပ် ကုမ္ပဏီတစ်ခုမှာ မြန်မာကုမ္ပဏီ MCM Pacific Pte Ltd ၏ စင်ကာပူကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ယင်းကုမ္ပဏီသည် မြန်မာလေတပ်ထံ Mi-2 ၊ Mi-17 နှင့် Bell 206 ရဟတ်ယာဉ်များအတွက် အစိတ်အပိုင်းများ ထောက်ပံ့ခဲ့သည်။ 

မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ရာတွင် စင်ကာပူကုမ္ပဏီများ ပါဝင်နေခြင်းသည် “မြန်မာပြည်သူ သန်းပေါင်းများစွာ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှု မြောက်နေကြောင်း” ယခု အစီရင်ခံစာ ဖော်ပြသည်။ “အာဆီယံ အဖွဲ့ဝင် တစ်နိုင်ငံအနေနဲ့ စင်ကာပူဟာ မြန်မာအရေး ဖြေရှင်းရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်၊ မြန်မာစစ်အာဏာသိမ်းအုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ ကြံရာပါ ဖြစ်နေတာကို အဆုံးသတ်ခြင်းနဲ့ စတင်ရမှာ ဖြစ်တယ်”ဟု ယင်း အစီရင်ခံစာက ဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly