ပါကစ္စတန်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မြင့်တက်နေခြင်းကို အာဏာပိုင်များ ကိုင်တွယ်ထိန်းချုပ်ရန် ပျက်ကွက်နေ

By Zee5
10 August 2022
ပါကစ္စတန်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မြင့်တက်နေခြင်းကို အာဏာပိုင်များ ကိုင်တွယ်ထိန်းချုပ်ရန် ပျက်ကွက်နေ

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ၆နှစ်တာအတွင်း  အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း ၂၂၀၀၀ ကျော်အထိ ဖြစ်ပွားခဲ့သော်လည်း အစိုးရအာဏာပိုင်တို့ဘက်က အဆိုပါ ဖြစ်စဉ်များ မြင့်တက်ခြင်းကို ကိုင်တွယ်တိုက်ဖျက်ထားနိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

နိုင်ငံတွင် ပညာသင်ယူနိုင်မှု မရှိခြင်း၊ အသိပညာ အားနည်းခြင်း၊ ဆင်းရဲနွမ်းပါးခြင်းနှင့် မိန်းမမုန်းတီးမှု ထူပြောခြင်းတို့ကြောင့် ယင်းကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပေါ်နိုင်သည်။

ပါကစ္စတန်တွင် နေ့စဉ်နှင့်အမျှ အဓမ္မပြုကျင့်ခံရသည့်ဖြစ်စဉ် ၁၁ ခု ထက်မနည်း ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ခြောက်နှစ်အတွင်း (၂၀၁၅ မှ ၂၀၂၁ အထိ) တွင် ထိုကဲ့သို့သော ဖြစ်စဉ်ပေါင်း ၂၂၀၀၀ ကျော်ကို ရဲဌာနများထံ တိုင်ကြားထားခဲ့ကြောင်း ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင် (HRCP) က မကြာသေးခင်က ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်ဟု The Daily Times က ဖော်ပြသည်။

ထိုကဲ့သို့သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ပါကစ္စတန်အစိုးရသည် အဓမ္မပြုကျင့်မှု တိုက်ဖျက်ရေး စည်းမျဉ်း ဥပဒေနှစ်ရပ် ဖြစ်သော အဓမ္မပြုကျင့်မှု တိုက်ဖျက်ရေး (စုံစမ်းစစ်ဆေးမှုနှင့် ရုံးတင်စစ်ဆေးမှု) ညွှန်ကြားချက် ၂၀၂၀ နှင့် ပါကစ္စတန် ပြစ်မှုဆိုင်ရာ ဥပဒေ (ပြင်ဆင်ချက်) စည်းမျဉ်း ဥပဒေ ၂၀၂၀ တို့ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ထို စည်းမျဉ်းဥပဒေများတွင် ပြစ်မှုကျူးလွန်သူများကို ပိုမို ပြင်းထန်စွာ ပြစ်ဒဏ်ပေးရေး အပါအဝင် အဓမ္မပြုကျင့်မှု၏ အဓိပ္ပါယ်ကို တိုးချဲ့ထားခဲ့သလို အထူးတရားရုံးများ၊ အဓမ္မပြုကျင့်မှုဖြစ်စဉ် အကျပ်အတည်း ဖြေရှင်းရေးစင်တာများ ထူထောင်ရေးကို တောင်းဆိုခဲ့သည်။

ထိုကဲ့သို့ အဓမ္မပြုကျင့်မှု ဆန့်ကျင်တိုက်ဖျက်ရေး ဥပဒေများကို ပိုမို တင်းကျပ်ခဲ့သော်လည်း ဥပဒေကို လက်တွေ့အကောင်အထည်ဖော်ဆောင်မှု မရှိခြင်းကြောင့် ပါကစ္စတန်တွင် အမျိုးသမီးများကို အကာအကွယ် ပေးနိုင်ခြင်း မရှိဘဲဖြစ်နေကြောင်း တက်ကြွလှုပ်ရှားသူအများအပြားက ပြောသည်။ မူဝါဒများနှင့် ဥပဒေများ ထုတ်ပြန်ချမှတ်ထားသော်လည်း လက်တွေ့အရေးယူဆောင်ရွက်ခြင်း မရှိသလို ကျူးလွန်သူများအနေဖြင့် ပြစ်ဒဏ်ခတ်ခံရသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရသည်က ကြုံတောင့်ကြုံခဲဆိုသလို ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly