ပါကစ္စတန်အစိုးရက ရေနံဝယ်ယူထားသည့် အကြွေးများ ပြန်ဆပ်နိုင်ရန် ရူပီး ၃၀ ဘီလီယံ အခွန်အကောက်များ စည်းကြပ်မည်

ပါကစ္စတန်အစိုးရက ရေနံဝယ်ယူထားသည့် အကြွေးများ ပြန်ဆပ်နိုင်ရန် ရူပီး ၃၀ ဘီလီယံ အခွန်အကောက်များ စည်းကြပ်မည်

ပါကစ္စတန်နိုင်ငံတွင် ရေနံနှင့် ဓာတ်ငွေ့အတွက်  နိုင်ငံတကာကြွေးမြီများကို ပြန်ဆပ်ရန် ပျက်ကွက်မည့် အခြေအနေမှ ရှောင်လွဲနိုင်ရန်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် အမှုထမ်းအဆင့် သဘောတူ ညီချက်ကို ပကတိအတိုင်း ဆက်ရှိစေနိုင်ရန်  ရူပီး ၁၀၀ ဘီလီယံ တန်ဖိုးရှိ အရေးပေါ် ငွေကြေးထောက်ပံ့မှုကို ပြင်ဆင်စီစဉ်နိုင်ရေးအတွက် အာဏာပိုင်တို့က အပြင်းအထန် ကြိုးပမ်းလျက်ရှိရာတွင်   ရူပီး ၃၀ ဘီလီယံ ပမာဏအထိရှိသော ထပ်တိုးအကောက်အခွန်များ စည်းကြပ်ရန် အစိုးရက ဆုံးဖြတ်လိုက်သည်။

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်က ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီး မစ်ဖ်တာ အစ္စမေးလ်က သဘာပတိအဖြစ် ဦးဆောင်ပြုလုပ်သော အစိုးရဝန်ကြီးအဖွဲ့၏ စီးပွားရေး ချိတ်ဆက်ညှိနှိုင်းမှုကော်မတီ (ECC)  အထူးအစည်းအဝေး တစ်ရပ်တွင် အထက်ပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အခြေခံ ဘတ်ဂျက်ပိုလျှံငွေ ရူပီး ၁၅၃ ဘီလီယံအတွက် IMF နှင့် ညှိနှိုင်းရယူထားသော ရသုံးငွေစာရင်းဆိုင်ရာ ကတိကဝတ်က ထပ်တိုး အခွန်စည်းကြပ်မှု မပါဘဲ ပြည့်မီနိုင်လိမ့်မည် မဟုတ်ကြောင်း အစည်းအဝေးတွင် တင်ပြအသိပေးခဲ့သည်။

 ဈေးနှုန်းတန်ဖိုးဆိုင်ရာ မသေချာမရေရာမှုများကို နည်းနိုင်သမျှ နည်းစေရန် လက်ရှိ ရှိရင်းစွဲ နှစ်ပတ်တစ်ခါ တန်ဖိုးခန့်မှန်းသတ်မှတ်မှုမှ တစ်ပတ်တစ်ကြိမ် သို့မဟုတ် ၁၀ ရက်တစ်ကြိမ်နှုန်းအားဖြင့် တန်ဖိုး ကိုက်ညှိမှုများကို လျှော့ချရေးကို ဆန်းစစ်ရန် ECC က ဆုံးဖြတ်ခဲ့သည်။

 “အခွန်အကောက်များမှတစ်ဆင့် ရူပီး ၃၀ ဘီလီယံ ဖြစ်ထွန်းရရှိစေရေး အဆိုပြုချက်တစ်ရပ်ကို တစ်ပတ်အတွင်း တင်သွင်းရန်” ဘဏ္ဍာရေးဌာနခွဲနှင့် ဖက်ဒရယ် အခွန်ဘုတ်အဖွဲ့ကို ECC က ညွှန်ကြားခဲ့ကြောင်း အစည်းအဝေးအပြီး ကြေညာချက်တွင် ဖော်ပြသည်။

ဩဂုတ် ၂၈ ရက်မတိုင်မီ ရူပီး ၂၇၀ ဘီလီယံခန့်အထိ နိုင်ငံတကာသို့ ငွေပေးချေရမည့် တာဝန်ဝတ္တရားများနှင့် ရင်ဆိုင်နေရသည့် နိုင်ငံပိုင် ပါကစ္စတန်ရေနံလုပ်ငန်းကုမ္ပဏီထံ အရေးတကြီး ငွေပေးချေမှုအတွက် နောက်ဆက်တွဲ ဘတ်ဂျက်ထောက်ပံ့ငွေ ရူပီး ၃၀ ဘီလီယံကို ECC က ခွင့်ပြုပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required