မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၈ ။ ။ မန်ချက်စတာယူနိုက်တက်အသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့၏ တိုက်စစ်မှူး ဝိန်းရွန်နီသည် ဒူးဒဏ်ရာကြောင့် ခြောက်ပတ်ခန့် အနားယူရတော့မည် ဖြစ်သည်။
ရွန်နီသည် ထိုဒဏ်ရာကို ဆန်းဒါးလန်းအသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်း၏လာမည့် ပွဲစဉ် ရှစ်ပွဲခန့်ကို လွဲချော်ဖွယ်ရှိနေသည်။
မန်ယူနည်းပြ ဗန်ဟားလ်က 'ရွန်နီက ဂိုးတွေအများကြီးသွင်းပေးနေတဲ့သူပါ။ ကျွန်တော်တို့အတွက် သူက အလွန်အရေးကြီးသူလည်းဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အခက်အခဲဆိုတာ သိပါတယ်' ဟု ဆိုသည်။
ရွန်နီသည် ဆန်းဒါးလန်းနှင့်ပွဲစဉ်တွင် ဒဏ်ရာရနေခဲ့သော်လည်း ပွဲချိန်ပြည့် ပါဝင်ကစားခဲ့သည်။ ထို့အတွက် ဝေဖန်မှုပြုလုပ်ရန် ဗန်ဟားလ်က ငြင်းဆန်ခဲ့သည်။
'ရွန်နီက ပွဲချိန်ပြည့်ကစားလိုခဲ့ပါတယ်။ သူနာကျင်နေပေမယ့် လူစားမလဲလိုခဲ့ပါဘူး။ သူအနိုင်ရလိုပါတယ်။ ဒီစိတ်ဓာတ်က တကယ်ကို ကောင်းတဲ့ စိတ်ဓာတ်ပါ။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ဒါက သူ့ရဲ့ ခန္ဓာကိုယ်အတွက် ဆိုးရွားစေပါတယ်' ဟုသာ ဗန်ဟားလ်က ဆိုသည်။
လက်ရှိတွင် မန်ယူအသင်းသည် ပရီးမီးယားလိဂ်တွင် အဆင့်ငါး နေရာ၌ ရပ်တည်နေပြီး စတုတ္ထနေရာမှ မန်စီးတီးနှင့် ခြောက်မှတ်ကွာဟလျက်ရှိသည်။
ယခုဒဏ်ရာကြောင့် ရွန်နီသည် မတ်လတွင် ဂျာမနီ၊ နယ်သာလန်တို့နှင့် ကစားရမည့် အင်္ဂလန်အသင်း၏ ခြေစမ်းပွဲစဉ်များကိုလည်း လွဲချော်ရတော့မည် ဖြစ်သည်။ ဇွန်လ ၁၀ ရက်နေ့တွင် စတင်မည့် ယူရို ၂၀၁၆ ပြိုင်ပွဲအမီတော့ ပြန်လည် ကောင်းမွန်လာဖွယ်ရှိသည်။
Ref: BBC