မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်၏ လုပ်ပိုင်ခွင့်သက်တမ်းကို ၁ နှစ်ထက် ပိုပေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဆိုပြု

မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်၏ လုပ်ပိုင်ခွင့်သက်တမ်းကို ၁ နှစ်ထက် ပိုပေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဆိုပြု
Photo - Bernama

ဩဂုတ် ၁၁

အာဆီယံဥက္ကဋ္ဌ၏ မြန်မာဆိုင်ရာ အထူးသံတမန်ကို ‘တစ်နှစ်ထက် ပိုသော’ လုပ်ပိုင်ခွင့် သက်တမ်းတစ်ခု ပေးအပ်သင့်ကြောင်းနှင့် ခန့်အပ်ခံရသည့် ပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးတစ်ခု ဖြစ်ရမည်ဟု သေချာပေါက် မသတ်မှတ်သင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတူ ဆရီ ဆိုင်ဖူဒင် အဗ္ဗဒူလာက အဆိုပြုပြောကြားလိုက်သည်။

အာဆီယံအထူးသံတမန်အနေဖြင့် စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၏ ပဋိပက္ခကို ပြေလည်အဆုံးသတ်စေရေးအတွက် ထိထိရောက်ရောက် ပံ့ပိုးလုပ်ဆောင်နိုင်စေရန် ယခုကဲ့သို့ အဆိုပြုခြင်း ဖြစ်ကြောင်း မလေးရှားဝန်ကြီးက ပြောသည်။

ထို့ပြင် အထူးသံတမန်သည် အခြားသော သံတမန်ရေး တာဝန်များကိုလည်း တာဝန်ယူထားရသည့် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး သေချာပေါက် ဖြစ်ရမည်ဟု မဆိုလိုသင့်ကြောင်းနှင့် ထိုမှသာလျင် သူ သို့မဟုတ် သူမသည် မြန်မာ့အရေးအပေါ် အမှန်တကယ် အထူးတလည် အာရုံစိုက်သွားနိုင်မည် ဖြစ်ကြောင်း ဆိုင်ဖူဒင်က ဩဂုတ် ၁၀ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ သက်ဆိုင်ပတ်သက်သူအားလုံးနှင့် အပြည့်အဝ တွေ့နိုင်ရန်နှင့် ယုံကြည်မှု တည်ဆောက်ရန် ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ထားသည်။ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက် ဆော့ခွန်းသည် လက်ရှိ အာဆီယံဥက္ကဋ္ဌ၏ မြန်မာဆိုင်ရာ အထူးသံတမန် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ပြန်လည်ရရှိရန် ၂၀၂၁ ခုနှစ် ဧပြီလနှောင်းပိုင်းက အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးတစ်ခု၌ သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်ထဲတွင် အထူးသံတမန်တစ်ဦး ခန့်အပ်ရေးလည်း ပါဝင်ခဲ့သည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက်တွင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်စဲရေး၊ အဓိကအရေးပါသော သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး၊ ထို ဆွေးနွေးမှုများကို အဆင်ပြေလွယ်ကူစေရေး ကြားဝင်ညှိနှိုင်းရန် အာဆီယံအထူးသံတမန်တစ်ဦး ခန့်အပ်ရေး၊ အာဆီယံအထူးသံတမန် မြန်မာနိုင်ငံရှိ သက်ဆိုင်ပတ်သက်သူများနှင့် လာရောက်တွေ့ဆုံစေရေးနှင့် အာဆီယံမှတစ်ဆင့် မြန်မာပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ရေးတို့ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အာဆီယံအနေဖြင့် ဦးဆောင်ကြိုးပမ်းနေသည့် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အကူအညီ ရနိုင်ရေး ယင်း၏ ဆွေးနွေးဖက်နိုင်ငံများထံမှ ထောက်ကူပံ့ပိုးမှုကို တောင်းခံရကောင်း ရနိုင်ကြောင်း ဆိုင်ဖူဒင်က ပြောသည်။

“ကျွန်တော်တို့ထဲက အချို့ ထည့်သွင်းဆွေးနွေးခဲ့တာကတော့ တကယ်လို့ အာဆီယံအနေနဲ့ ဒါကို မိမိတို့ချည်းသက်သက် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အာဆီယံ ဆွေးနွေးဖက် နိုင်ငံအချို့နဲ့ ထိတွေ့ဆက်ဆံသွားရကောင်း သွားရပါလိမ့်မယ်။ ဒါပေမယ့် ဒီနေရာ အမေးခံရမယ့် မေးခွန်းကတော့ ဘယ်သူ့ ပြောစကားကို စစ်ကောင်စီက နားထောင်မှာလဲ ဆိုတာပဲဖြစ်တယ်” ဟု ဆိုင်ဖူဒင်က ပြောသည်။ ထိုကိစ္စကို လာမည့် နိုဝင်ဘာလ အာဆီယံခေါင်းဆောင်များ တွေ့ဆုံမှုအတွင်း ဆွေးနွေးရန် တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် အာဆီယံအနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း ဆိုင်ဖူဒင်က ထပ်လောင်း ပြောဆိုသွားခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly