ပါကစ္စတန်တွင် ရေနံထွက်ပစ္စည်း ရောင်းချမှုနှင့် သုံးစွဲမှု သိသိသာသာ လျော့ကျ

ပါကစ္စတန်တွင် ရေနံထွက်ပစ္စည်း ရောင်းချမှုနှင့် သုံးစွဲမှု သိသိသာသာ လျော့ကျ

ပါကစ္စတန်နိုင်ငံတွင် ရေနံတင်သွင်းမှု ကျသင့်ငွေပမာဏကို လျှော့ချရန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော အစိုးရက ကြိုးပမ်းလျက်ရှိရာတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရေနံရောင်းဝယ်ဖောက်ကားရေး ကုမ္ပဏီများ၏ ရောင်းချရမှုပိုင်းတွင် တစ်ဟုန်ထိုး ကျဆင်းသွားခဲ့ကြောင်းကို ရေနံကုမ္ပဏီများ အကြံပေးကောင်စီ (OCAC) ၏ ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်သော ဒေတာအချက်အလက်များက ပြသနေသည်။

ယခုနှစ် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အဆိုပါ နိုင်ငံ၏ ရေနံနှင့် ချောဆီ ရောင်းချမှုများသည် ၂၆ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၁ ဒသမ ၄၄ သန်းသို့ ရောက်ရှိခဲ့ရာတွင် အဆိုပါ အတိုင်းအတာသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီနောက်ပိုင်း အနိမ့်ဆုံး အဆင့်ဖြစ်ကြောင်း ပါကစ္စတန် ရင်းနှီးမြှုပ်နှံမှု အကျိုးဆောင်ကုမ္ပဏီ (Topline Securities) ကို ကိုးကားပြီး Geo News က ဖော်ပြသည်။

ဇူလိုင်လ၏ ဒီဇယ်ဆီ (HSD) ရောင်းအားသည် ပြီးခဲ့သည့် ၁၈ နှစ်အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့သလို ဓာတ်ဆီ ရောင်းချမှုများကလည်း ပြီးခဲ့သည့် ခြောက်နှစ်တာကာလအတွင်း လအလိုက် အနိမ့်ဆုံး အဆင့်ကို ရောက်ခဲ့ ကြောင်း ဒေတာအချက်အလက်များက ပြသနေသည်။

အဆိုပါ လအတွင်း ရေနံထွက်ပစ္စည်းများ ရောင်းချရမှုနှင့် သုံးစွဲမှုပိုင်း လျော့ကျမှုကို ဖြစ်စေခဲ့သည့် အဓိက အကြောင်းရင်းများထဲတွင် HSD ဒီဇယ်နှင့် ဓာတ်ဆီ ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်ခြင်း၊ မုတ်သုံမိုးကြီးမှု ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်နေခြင်း၊ ပြည်တွင်း ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းနှင့် စီးပွားရေး လုပ်ငန်းများ လည်ပတ်မှုပိုင်းတွင် သိသိသာသာ နှေးကွေးခြင်း စသည့် အချက်များ ပါဝင်နေကြောင်း Geo News က ဖော်ပြသည်။

ရေနံ ရောင်းချရမှုသည် ပြီးခဲ့သည့် နှစ်လအတွင်း ၃၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။ မေလက တန်ချိန် ၂ ဒသမ ၂ သန်းရှိခဲ့ရာမှ ဇူလိုင်လတွင် တန်ချိန် ၁ ဒသမ ၄ သန်းကို ကျဆင်းခဲ့ခြင်း ဖြစ်သည်။ “ဒီ ကျဆင်းမှုကြောင့် ဒေါ်လာ ဘီလီယံများစွာ သက်သာရာ ရစေပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက စီးပွားရေးကိုတော့ နှေးကွေးစေ ပါလိမ့်မယ်” ဟု Topline Securities ၏ စီအီးအို မိုဟာမက် ဆိုဟေးကို ကိုးကားပြီး Geo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required