တရုတ်က  ကျူးကျော်ရေးအတွက် ပြင်ဆင်ရန် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ဟု ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးပြော

တရုတ်က  ကျူးကျော်ရေးအတွက် ပြင်ဆင်ရန် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ဟု ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးပြော

တရုတ်သည် ထိုင်ဝမ်ကို ကျူးကျော်နိုင်ရေးအတွက် ပြင်ဆင်ရန် ပြီးခဲ့သည့် သီတင်းပတ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခရီးစဉ်အပေါ် ဒေါသဖြစ်မှုသည် အကြောင်းပြချက် တစ်ခုသာဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
 
တရုတ်စစ်တပ်သည် ပြီးခဲ့သည့် သီတင်းပတ်က စစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်နေချိန်တွင် ထိုင်ဝမ်သည် ကျည်အစစ်ဖြင့် ပစ်ခတ်မှုလေ့ကျင့်မှုကို စတင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ဩဂုတ် ၉ ရက်မနက်ပိုင်းက  မီဒီယာသို့ ပြောသည်။ 

တရုတ်နိုင်ငံသည် နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်သည်ဟုလည်း ဝူက စွပ်စွဲခဲ့သည်။

“တရုတ်က ထိုင်ဝမ်ကိုကျူးကျော်ဖို့ သူ့ရဲ့စစ်ရေးဗျူဟာထဲက လေ့ကျင့်မှုတွေကို အသုံးချခဲ့ပါတယ်။ ထိုင်ဝမ်သား တွေရဲ့ စိတ်ဓာတ်အားလျော့သွားအောင် ကြိုးပမ်းတဲ့အနေနဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှု၊ ဒုံးကျည်ပစ်လွှတ်မှု၊ ဆိုက်ဘာတိုက်ခိုက်မှု၊ သတင်းမှားဖြန့်ဝေခြင်းနဲ့ စီးပွားရေးဖိအားပေးမှုတွေကို လုပ်ဆောင်နေပါတယ်” ဟု ဝူက ဆိုသည်။

ပဲ့ထိန်းဒုံးကျည်များ ပစ်ခတ်ခြင်း အပါအဝင် တရုတ်၏ နည်းဗျူဟာများသည် ထိုင်ဝမ်ကို ကျူးကျော်ရန် ကြိုးပမ်းမှုတွင် အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်ခြင်းကို ဟန့်တားရန်လည်း ကြိုးပမ်းနေပြီး ပိုမို ကျယ်ပြန့် သော ပထဝီဝင်ဆိုင်ရာ မဟာဗျူဟာ ရည်ရွယ်ချက်များရှိကြောင်းလည်း ပြသနေသည်ဟု ဝူက မှတ်ချက်ပြုခဲ့ သည်။

တရုတ်၏ အမှန်တကယ်ရည်ရွယ်ချက်သည် ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲရန်ဖြစ်သည်ဟု ဝူက ဆိုသည်။

တရုတ်သည် ကမ္ဘာ့အလုပ်အများဆုံး သင်္ဘောလမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည့် ထိုင်ဝမ်ရေလက်ကြားကို ပိုင်ဆိုင်ကြောင်း ကြေညာထားကာ တောင်တရုတ်ပင်လယ်နှင့် ပင်လယ်ဝါကို ချိတ်ဆက်ထားသော ရေလမ်းကြောင်းကို ထိန်းချုပ်ခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ လွတ်လပ်စွာ ခရီးသွားလာခွင့်ကို လွှမ်းမိုးရန် ရည်ရွယ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required