တူရကီနိုင်ငံတွင် ပညာသင်ကြားခဲ့ပြီး တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ရှိ နိုင်ငံတကာကုမ္ပဏီတစ်ခုတွင် အလုပ်လုပ် နေသော အူရမ်ကီမှ ဝီဂါတစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးသွားကြောင်း ဒေသန္တရ ရဲအရာရှိ တစ်ဦးနှင့် အဆိုပါ ဖြစ်စဉ်နှင့်နီးစပ်သော ဝီဂါများက ပြောသည်။
အသက် ၂၉ နှစ်အရွယ်ရှိ ဆူဘီတာဆန်သည် ၂၀၁၀ ခုနှစ်က ကောလိပ်တက်ရန် တူရကီသို့သွားရောက်ခဲ့ပြီး ပညာသင်ကြားပြီးနောက် အလုပ်လုပ်နေခဲ့သည်ဟု ပြည်ပရောက်ဝီဂါတစ်ဦးက RFA သို့ပြောသည်။
တူရကီနိုင်ငံသားမဖြစ်သေးသည့် တာဆန်သည် ၂၀၂၁ ခုနှစ် ဆောင်းဦးရာသီက ကွမ်းကျိုးရှိ ကုမ္ပဏီရုံးခွဲသို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောသည်။
“ကျွန်တော်နဲ့ရင်းနှီးတဲ့မိတ်ဆွေရဲ့သားဟာ ဒီနှစ် ဇူလိုင် ၁ ရက်က အဖမ်းခံခဲ့ရပါတယ်။ တာဆန်ဟာ မကြာသေး ခင် ရက်သတ္တပတ်အတွင်း တရုတ်ရဲ့ဖမ်းဆီးတာခံရတဲ့ ဝီဂါလူငယ် ၃ ဦးအနက် တစ်ဦးပါ”
“ဆူဘီ တာဆန်က တူရကီနိုင်ငံသား မဖြစ်သေးပါဘူး။ တူရကီမှာ အမြဲတမ်းနေထိုင်ခွင့်နဲ့ နေတာပါ” ဟု ၎င်းက ဆိုသည်။
ဂါလီဘီယက်ရဲစခန်းမှ ရဲတပ်ဖွဲ့က တာဆန်ကို ကွမ်ကျိုးမြို့တွင် ဖမ်းဆီးကြောင်း ဟုတ် မဟုတ်နှင့် တာဆန်သည် အူရမ်ကီရှိ မိသားစုထံ မည့်သည့်အချိန်က ပြန်ရောက်သည်နှင့်ပတ်သက်၍ ရဲအရာရှိက ရှင်းရှင်းလင်းလင်းပြောဆိုခြင်းမရှိသလို ဖမ်းဆီးရသည့်အကြောင်းရင်းကိုလည်း မပြောပေ။
ပြည်ပတွင်ရောက်ရှိနေသော ဝီဂါများက ရှင်ကျန်းရှိ ၎င်းတို့၏ ဆွေမျိုးများနှင့်အိမ်နီးချင်းများသည် ရဲတပ်ဖွဲ့၏ ညအချိန်စီးနင်းမှုများ၌ ခေါ်ဆောင်ခံရကြောင်း RFA သို့ ပြောသည်။
ဝီဂါများ ခရီးသွားလာမှု ရှိ/မရှိကို တရုတ်အာဏာပိုင်များစောင့်ကြည့်သည့် နိုင်ငံပေါင်း ၂၆ နိုင်ငံတွင် တူရကီလည်း အပါအဝင်ဖြစ်သည်။
အာဏာပိုင်များသည် တူရကီမှ ပြန်လာသော တရုတ်နိုင်ငံသား ဝီဂါများကိုသာမက တူရကီနိုင်ငံသား ဝီဂါများကိုပါ ဖမ်းဆီးပြီး ရှင်ကျန်း၌ ထောင်သွင်းအကျဉ်းချမှုများရှိကြောင်း ယခင်က RFA ၌ ဖော်ပြခဲ့သည်။