အစိုးရအား ထောက်ခံမှု ကျဆင်းနေချိန် ဂျပန်ဝန်ကြီးချုပ်က အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်း 

အစိုးရအား ထောက်ခံမှု ကျဆင်းနေချိန် ဂျပန်ဝန်ကြီးချုပ်က အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်း 

ဩဂုတ်လ ၁၀ ရက်

ဂျပန်နိုင်ငံတွင် အစိုးရအား လူထု သဘောကျမှုနှုန်းထား ကျဆင်းနေသည့်နောက်တွင် ဂျပန်ဝန်ကြီးချုပ်သည် လုပ်ကြံသတ်ဖြတ်ခံရသည့် ခေါင်းဆောင်ဟောင်း ရှင်ဇို အာဘေး၏ ညီအစ်ကိုဖြစ်သူ ကာကွယ်ရေးဝန်ကြီးအား အစားထိုးခန့်အပ်ခြင်းနှင့်အတူ အစိုးရအဖွဲ့အား ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ဖွဲ့စည်းသည်။ 

Unification Church ဘုရားကျောင်းနှင့် ပတ်သက်ပြီး မကျေနပ်သူတစ်ဦးက ရှင်ဇို အာဘေးအား ပစ်ခတ်လုပ်ကြံခဲ့သည့်နောက် ပြီးခဲ့သည့်လတွင် အထက်လွှတ်တော်ရွေးကောက်ပွဲ၌ ဖူမီယို ကီရှီဒါ ဦးဆောင်သော အာဏာရပါတီက အစိုးရဖွဲ့ရေး အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။ 

ထိုအချိန်မှစကာ ဂျပန်နိုင်ငံရေးသမားများ၏ အဆိုပါ ဘုရားကျောင်းနှင့် ဆက်စပ်ပတ်သက်မှုများနှင့် စီးပွားရေးအပေါ် ကီရှီဒါ၏ ကိုင်တွယ်ပုံများနှင့် ပတ်သက်ကာ လူထုက စောင့်ကြည့်လာခြင်းများကြောင့် အစိုးရအား သဘောကျထောက်ခံမှုနှုန်း ထိုးဆင်းလာခဲ့သည်။ 

အစိုးရအား သဘောကျထောက်ခံမှုနှုန်းသည် သီတင်းသုံးပတ်အတွင်း ၁၃ ရာခိုင်နှုန်းကျကာ ၄၆ ရာခိုင်နှုန်းသို့ ရောက်ရှိကြောင်း အများပိုင် ရုပ်သံ NHK ၏ တနင်္လာနေ့က ထုတ်လွှင့်သော မဲစစ်တမ်းအရ သိရသည်။ Yomiuri Shimbun သတင်းစာ ကောက်ယူသော စစ်တမ်းတွင်မူ ဇူလိုင်လမှစပြီး လူထုထောက်ခံမှု ကျဆင်းမှုသည် ၅၇ ရာခိုင်နှုန်း ရှိသည်ဟု ဖော်ပြသည်။ 

တရုတ်နှင့် မြောက်ကိုရီးယားတို့၏ ကြီးထွားလာသော ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ကာကွယ်ရေး အသုံးစရိတ်အား ပြင်ဆင်မည်ဟု ဝန်ကြီးချုပ် ကီရှီဒါက ကတိပေးထားခြင်းနှင့်အတူ အဓိက ရာထူးဖြစ်သော ကာကွယ်ရေးဝန်ကြီးရာထူးကို နိုင်ငံရေးသမားဟောင်း ယာဆူကာဇူ ဟာမာဒါကို ခန့်အပ်ခြင်း ဖြစ်သည်။ 

အာဘေး၏ ညီအစ်ကိုဖြစ်သူ နိုဘူယို ကီရှီသည် ကျန်းမားရေး မကောင်းသဖြင့် စိုးရိမ်ပူပန်စရာ ဖြစ်စေရာ ၂၀၀၈ နှင့် ၂၀၀၉ တို့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ယခင်က ထမ်းဆောင်ဖူးသော ဟာမာဒါကို အစားထိုးခန့်အပ်ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly