Meta ကုမ္ပဏီ၏ Live shopping feature ပိတ်သိမ်းမှုက မြန်မာနိုင်ငံက Live လွှင့်စျေးရောင်းချသူများကို ထိခိုက်မှာမဟုတ်

Meta ကုမ္ပဏီ၏ Live shopping feature ပိတ်သိမ်းမှုက မြန်မာနိုင်ငံက Live လွှင့်စျေးရောင်းချသူများကို ထိခိုက်မှာမဟုတ်

ဩဂုတ်လ ၁၀ ရက်

TK

ရန်ကုန်(မဇ္ဈိမ) ။ ။ လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုဖြစ်သည့် Meta ကုမ္ပဏီပိုင် ဖေ့စ်ဘုတ်တွင် အောက်တိုဘာလ ၁ ရက်မှစတင်ကာ တိုက်ရိုက်ထုတ်လွှင့်ဈေးရောင်းချခြင်း Live shooping feature ကို ပိတ်သိမ်းမှုက မြန်မာနိုင်ငံက Live လွှင့် စျေးရောင်းချမှုပုံစံကို ထိခိုက်မှာမဟုတ်ပါ။

ဖေ့စ်ဘုတ်၌ တိုက်ရိုက်လွှင့်ခြင်း (Live) နှင့် တိုက်ရိုက်လွှင့်စျေးရောင်းချရာတွင် ပစ္စည်းရွေးချယ်ဝယ်ယူနိုင်စေရေး နည်းပညာဝန်ဆောင်မှု (Live shopping feature)

ဖေ့စ်ဘုတ်အသုံးပြုသူများအကြား တိုက်ရိုက်ထုတ်လွှင့်ခြင်း (Live) ကိုအသုံးပြုကာ ကုန်ပစ္စည်းရောင်းချခြင်း/ကုန်ပစ္စည်းဝယ်ယူခြင်းများ ပြုလုပ်တတ်ကြသည်။ ထိုသို့ Live shopping လုပ်ရာတွင် စားသုံးသူအတွက် မိမိဝယ်ယူလိုသောပစ္စည်းများကို တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ရွေးချယ် tag တွဲကာ ဝယ်ယူနိုင်သော Live shopping feature လည်းရှိပါသေးသည်။

Live shopping feature ပိတ်သိမ်းမည်ဟု ကြေညာခြင်းဖြစ်

Meta ကုမ္ပဏီ၏ မကြာသေးခင်က ကြေညာချက်တစ်ခုတွင် ဖေ့စ်ဘုတ်တွင် Live shopping feature ကို ရပ်ဆိုင်းမည်ဟုပါရှိသည်။ ကုမ္ပဏီ၏ အသစ်တီထွင်ဆန်းသစ်ထားသည့် Reels ခေါ်  ဗီဒီယိုအတိုများအား လူအများစိတ်ဝင်စားစေရန် ရည်ရွယ်ကာ Live shopping feature ကို ရပ်ဆိုင်းရသည်ဟုလည်းပါရှိသည်။ ဖေ့စ်ဘုတ်တွင်စျေးရောင်းချသူများအနေဖြင့် မိမိတို့ထုတ်ကုန်အကြောင်းအသေးစိတ်ကို ဗီဒီယိုဖြင့်တင်ဆက်ပြသမှုကို Meta ကုမ္ပဏီကလိုလားနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

သို့သော် Live shopping feature ကို  Meta ၏ အခြားလူမှုကွန်ရက်ပလက်ဖောင်းဖြစ်သည့် အင်စတာဂရမ်တွင် ဆက်လက် အသုံးပြု၍ရနိုင်သေးသည်။

ဖေ့ဘုတ်စ်၏ ထုတ်ပြန်ချက် - https://bit.ly/3QvkuOO

Live shopping feature ရပ်ဆိုင်းမှုက မြန်မာနိုင်ငံက Live လွှင့်စျေးရောင်းချသူများကိုထိခိုက်မှာလား

မြန်မာနိုင်ငံက Live လွှင့် စျေးရောင်းချသူများကို ယေဘုယျအားဖြင့် ထိခိုက်မှုရှိမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံက ဖေ့စ်ဘုတ်အသုံးပြုသူအများစုအကြား ရောင်းချမှုတွင် ရောင်းချသည့်ကုန်ပစ္စည်းကိုပြသကာ စျေးနှုန်းပြောဆိုခြင်းနှင့် ဝယ်ယူလိုသူက မိမိအလိုရှိသောပစ္စည်းကို Comment box (မှတ်ချက်ပြုရာနေရာ) မှ အသိပေးပြောကြားလေ့ရှိသဖြင့် Live shopping feature ကို အသုံးပြုမှုမရှိသလောက်နည်းပါးသည်။ ဖေ့စ်ဘုတ်အနေဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုနှင့် တိုက်ရိုက်အခမ်းအနားများတင်ဆက်မှုကို ဆက်လက်ခွင့်ပြုထားမှာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required